မုံရွာ – ဂန့်ဂေါ ကားလမ်းအနီးမှာ ဦးခေါင်းပြတ် ရုပ်အလောင်း ၁ လောင်းတွေ့

သြဂုတ် ၊ ၁၆-၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ် ၊ မုံရွာ-ဂန့်ဂေါ ကားလမ်း ၅၂ မိုင်ကျေးရွာအနီး ပျဥ်းပင်ကွေ့ နဲ့ ကျောက်စလင်းတောင်ကြားနေရာမှာ မနေ့ သြဂုတ် ၁၅ ရက် နေ့လယ်ပိုင်းက ဦးခေါင်းပြတ် အမျိုးသား ရုပ်အလောင်း ၁ လောင်းတွေ့ရတယ်လို့ လဲကန်ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ကျောက်စလင်းတောင်ကြားက သျှိုထဲမှာတွေ့ရတာဖြစ်တယ် ၊ ဦးခေါင်းပြတ်ဒဏ်ရာအပြင် ကျည်ဆံဖောက်ဝင်ဒဏ်ရာတချို့လည်းတွေ့ရတယ် ၊ သေဆုံးသူက ၅၅ မိုင်ရွာမှာနေတဲ့ ကိုအောင်မျိုးသက် ဆိုသူဖြစ်တယ်၊ သူက မြိုင်နယ်ဘက်သူနဲ့ အိမ်ထောင်ကျပြီး သာမန် အလုပ်တွေ လုပ်ကိုင်နေတဲ့ အရပ်သား တစ်ယောက်ဖြစ်တယ်” လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ ရုပ်အလောင်းတွေ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ယင်းမာပင်ခရိုင်ရဲတပ်ဖွဲ့ရုံးနဲ့ ပုလဲမြို့နယ် ရဲတပ်ဖွဲ့ရုံးကို သီးခြား သတင်းအတည်ပြုချက်ရရှိဖို့ VOM က ဆက်သွယ်ခဲ့ပေမယ့် အခုချိန်ထိ ဆက်သွယ်လို့ မရသေးပါဘူး။
 
အခု ဦးခေါင်းပြတ်သေဆုံးနေတဲ့ ရုပ်အလောင်းတွေ့ရတဲ့ နေရာဝန်းကျင်မှာ သြဂုတ်လ ၅ ရက်နေ့က မန္တလေး-ကလေး ခရီးသည်တင်ယာဥ်ပေါ်မှာ စီးနင်းလိုက်ပါလာခဲ့တဲ့ အကျဥ်းဦးစီးဌာနက ထောင်ဝန်ထမ်းကို ကားပေါ်ကနေဆွဲချ ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ် ။
 
ဒါ့အပြင် သြဂုတ် ၁၀ ရက်၊ ည ၁၀ နာရီက အခုတွေ့ရှိရတဲ့ အလောင်းနေရာနဲ့ ၅ မိုင်အကွာ မုံရွာ-ဂန့်ဂေါ ကားလမ်း ၅၇ မိုင်ရွာက သတင်းပေးလို့ အမည်ထွက်နေသူ ၂ ယောက်ကို အသတ်ခံရတဲ့ဖြစ်စဥ်လည်း ပေါ်ပေါက်ခဲ့ပါတယ်။
 
စစ်ကိုင်းတိုင်းထဲမှာ ဇွန်လကစလို့ သြဂုတ်လ ၁၅ ရက်အထိ ဦးခေါင်းဖြတ်ဒဏ်ရာနဲ့ သေဆုံးသူတွေ့ရတဲ့ အရေအတွက်ဟာ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်မှာ ၃ ကြိမ် ၊ ခင်ဦးမြို့နယ်မှာ ၁ ကြိမ် ၊ ကသာမြို့နယ်မှာ ၁ ကြိမ်နဲ့ ပုလဲမြို့နယ်မှာ ၁ ကြိမ် အားလုံး ၆ ကြိမ်ရှိပြီလို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ပုလဲ

Related posts

Leave a Comment

VOM News

FREE
VIEW