သတင်းပေးလို့ နာမည်ထွက်နေတဲ့ ဆေးဆိုင်ပိုင်ရှင် သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

သြဂုတ် ၊ ၁၆ – ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့၊ မေတ္တာမြိုင်ရပ်ကွက် ၊ လမ်းဆုံအဝိုင်းပတ်အနီးကဆေးနဲ့ ဆေးပစ္စည်း အရောင်ဆိုင်တခုမှာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်က ဆေးလာဝယ်သူ ၃ ဦးက သေနတ်နဲ့ပစ်ခတ်လို့ ဆေးဆိုင်ပိုင်ရှင် သေဆုံးခဲ့တယ်လို့ တန့်ဆည်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” လမ်းဆုံးနားက ဇီဝက ဆေးဆိုင်မှာ ဖြစ်တာပါ ၊ ဆိုင်ကယ်နဲ့ ဆေးလာဝယ်တဲ့ လူ ၃ ယောက်က အနီးကပ် သေနတ်နဲ့ ပစ်လို့ ဆိုင်ရှင် ကိုမျိုး ကျည်ဆံမှန်ပြီး နေရာမှာတင် သေဆုံးသွားတာပါ ” လို့ တန့်ဆည်လမ်းဆုံမှာနေတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ် ။
 
သေဆုံးသူ ဆေးဆိုင်ပိုင်ရှင် ကိုမျိုးဆိုသူဟာ တန့်ဆည်မြို့နယ် ပြည်ခိုင်ဖြိုး လွှတ်တော်အမတ်လောင်းရဲ့ ညီအရင်း တစ်ယောက်ဖြစ်ပြီး သတင်းပေး အမည်ထွက်နေတဲ့ သူတစ်ယောက်ဖြစ်တယ်လို့ တန့်ဆည် ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
အဲ့ဒီဖြစ်စဥ်ကို သတင်းအတည်ပြုချက်ရရှိဖို့ တန့်ဆည်မြို့နယ်ရဲတပ်ဖွဲ့နဲ့ ရွှေဘိုခရိုင် ရဲတပ်ဖွဲ့ရုံးကို VOM က ဆက်သွယ်ခဲ့ပေမယ့် အခုချိန်ထိ ဆက်သွယ်လို့ မရသေးပါဘူး။
 
ဒါ့အပြင်မနေ့ သြဂုတ် ၁၅ ရက် ညဦးပိုင်းကလည်း
ရေဦး-တမာတော-ကံထူးမကားလမ်း ရေဦးမြို့နယ်နဲ့ တန့်ဆည်မြို့နယ် အဲ့ဒီ ၂ မြို့နယ်ရဲ့ နယ်စပ်နေရာဖြစ်တဲ့ ဆင်သီးကုန်ရွာ ရဲ့ တောင်ဘက် သရက်ခြံအနီးမှာ အမျိုးသား ရုပ်အလောင်း ၁ လောင်းတွေ့ရတယ်လို့ တန့်ဆည်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
သြဂုတ် ၄ ရက် မနက်ကလည်း တန့်ဆည်မြို့နယ် ၊ ရေဦး – ကလေးဝ ကားလမ်း၊ ဝါးရငယ် မူးဘောင်တံတားရဲ့ တောင်ဘက်အောက်ခြေအနီးမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းတွေ တွေ့ခဲ့ရပြီး အဲ့ဒီ သေဆုံး ၂ ယောက်ထဲက ၁ ယောက်ဟာ ဦးခေါင်းပြတ်ရှ ဒဏ်ရာနဲ့ သေဆုံးနေတာဖြစ်ပါတယ်။
 
တန့်ဆည်နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လအတွင်း လူသတ်မှု အကြိမ်ရေ ဒါဇင်ဝက်ဝန်းကျင်ရှိခဲ့ပြီး သေဆုံးသူတွေဟာ ကျည်ဆံဖောက်ဝင် ဒဏ်ရာနဲ့ ဦးခေါင်းပြတ်ဒဏ်ရာတွေ ပါဝင်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #vom #တန့်ဆည်

Related posts

Leave a Comment

VOM News

FREE
VIEW