ကျောက်တော်မှာ နွားကျောင်းနေသူတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ

ကျောက်တော်၊ ဩဂုတ် ၁၇- ၂၀၂၁
HAS(VOM)
 
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်မှာ ဒီကနေ့ နေ့လယ် ၁ နာရီကျော်ခန့်က နွားကျောင်းနေသူတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ မိသားစုဝင်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
 
မိုင်းနင်းမိပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားသူဟာ ကျောက်တော်မြို့နယ်၊ ဦးစွန်းတောင်ကျေးရွာက အသက် (၃၇) နှစ်အရွယ် ဦးအောင်သိန်းဆန်းဖြစ်ကြောင်းသိရပြီး ဘယ်ဘက်ခြေထောက် ခြေဖဝါးနဲ့ ခြေသလုံး ပွတ်သွားကာ ဖြတ်ရမယ့် အနေအထားရှိတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
မြေမြုပ်မိုင်းကြောင့် ဒဏ်ရာရရှိသွားတဲ့ ဦးအောင်သိန်းဆန်းရဲ့ မိသားစုဝင် ကိုအောင်ဆန်းဦးက “ဖြစ်စဉ်ကတော့ သူ့တို့က ပုံမှန်နွားကျောင်းနေကျနေရာပါ။ အဲ့ဒီနေရာက ရွာနဲ့နည်းနည်းအလှမ်းဝေးပါတယ်။ တောင်ကုန်းလေးတွေ ကျော်ပြီးသွားရပါတယ်။ မိုင်းထိတဲ့နေရာနဲ့ မနီးမဝေးမှာတော့ (၃၇၇) အမြောက်တပ် ရှိပါတယ်။ နွားကျောင်းနေရင်းနဲ့ အဲ့ဒီလိုဖြစ်သွားတာပါပဲ။” လို့ ပြောပါတယ်။
 
ဒဏ်ရာရရှိသူကို ကျောက်တော်မြို့နယ်၊ အပေါက်ဝဆေးရုံကို အရင်ပို့ဆောင်ခဲ့ပြီး အဲ့ဒီကတဆင့် စစ်တွေပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
 
မိုင်းကြောင့် ပြင်းထန်ဒဏ်ရာရရှိသွားတဲ့ ဦးအောင်သိန်းဆန်းဟာ လယ်သမားတစ်ဦးဖြစ်ပြီး နွား(၅) ကောင်ကို မှီခိုကာ လုပ်ကိုင်စားသောက်နေရတာဖြစ်တယ်လို့ သိရပါတယ်။
 
“ ဒီလိုမျိုး ဖြစ်သွားတဲ့အပေါ်မှာတော့ ခံစားရတာကတော့ ပြောမပြတတ်လောက်အောင်ပါပဲ။ အခုလိုမျိုး နောက်လည်းမဖြစ်လာအောင် ကြိုတင်ကာကွယ်လို့ ရတဲ့အရာမျိုးလည်းမဟုတ်ပါဘူး။ ကျနော်တို့ လယ်ယာအလုပ်သမားတွေက မရှိဆင်းရဲသားတွေဖြစ်တဲ့အတွက်ရော အမြဲတမ်းရှာဖွေရုန်းကန်ပြီး စားသောက်နေရတဲ့အတွက် အရမ်းဝမ်းနည်းမိပါတယ်။” လို့ ဦးအောင်သိန်းဆန်းရဲ့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ ကိုအောင်ဆန်းဦးက ပြောပါတယ်။
 
ပေါက်ကွဲမီုဖြစ်ခဲ့တာဟာ ဘယ်အဖွဲ့က ထောင်တဲ့မိုင်းဆိုတာကို မပြောလိုကြောင်းနဲ့ မိမိတို့ပြောလိုက်တဲ့အတွက် ဆိုးကျိုးသာရှိလာနိုင်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။
 
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့ ပြည်တွင်းစစ်ရေးပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့ (၂) နှစ်က စစ်ဘေးရှောင်ဦးရေ (၂) သိန်းနီးပါးထိရှိခဲ့ပြီး အဲ့ဒီလို စစ်ရေးကာလအတွင်းနဲ့ လက်ရှိကာလတွေမှာ မြေမြုပ်မိုင်းကြောင်း သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ ရာနဲ့ချီရှိနေပြီဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ သိရပါတယ်။
 
#voiceofmyanmar #VOM #ကျောက်တော်

Related posts

Leave a Comment

VOM News

FREE
VIEW