မောင်တော​မြို့နယ်က ကျေးရွာအုပ်စု ယာယီအုပ်ချုပ်ရေးမှူးရဲ့အိမ် ဓားပြတိုက်ခံရပြီး အုပ်ချုပ်ရေးမှူးကို ဓားစာခံအဖြစ် ခေါ်ဆောင်သွား

သြဂုတ် ၊ ၁၈ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
ရခိုင်ပြည်နယ်မြောက်ပိုင်း ၊ မောင်တောမြို့နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦးကို ဒီကနေ့မနက် အစောပိုင်း ၂ နာရီဝန်းကျင်က နေအိမ်ကနေ အမည်မသိ လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
 
အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်ထမ်းတစ်ယောက်က ” အစ္စလာမ်ဘာသာဝင်တွေနေတဲ့ ပဒင်းကျေးရွာအုပ်စု၊ကညင်တန်းကျေးရွာက ယာယီ အုပ်ချုပ်ရေးမှူး
မာမွတ်ရှော်ဖီ ဆိုတဲ့သူ ဖမ်းခံရတာဖြစ်တယ် ၊ မနက် အာရုဏ်တက် ၂ နာရီလောက်မှာ သူ့ရဲ့ အိမ်ကို အမည်မသိရသေးတဲ့ လက်နက်ကိုင်အဖွဲ့ လူ ၅ ယောက်က ဝင်ရောက် ဖမ်းခေါ်သွားတာဖြစ်တယ်”လို့ ပြောပါတယ်။
 
ဒါ့အပြင် အဲ့ဒီ ကညင်တန်းရွာ ယာယီ အုပ်ချုပ်ရေးမှူး မာမွတ်ရှော်ဖီရဲ့ ဇနီးဖြစ်သူ မဆော်ဒါမီက ” မိသားစုနဲ့ အိပ်နေချိန် အိမ်ထဲကို မွတ်စလင်ဘာသာ စကားပြော လူ ၅ ဦးက အိမ်ထဲကို ဝင်လာတယ် ၊ သူတို့လက်ထဲမှာ သေနတ် အတို ၂ လက် ၊ အရှည် ၁ လက် ၊ ဓားရှည် ၂ ချောင်းကိုင်ထားတယ် ၊ မာမွတ်ရှော်ဖီ ဇနီးဖြစ်သူ မဆော်ဒါမီ ၊ သား ၁ ယောက် နဲ့ သမီး ၂ ယောက် ပေါင်း မိသားစု ၅ ယောက်ကို အိမ်ခန်းတနေရာမှာ စုထားပြီး လက်နက်ကိုင် ၅ ဦးထဲက ၃ ဦးက သေနတ်နဲ့ ချိန်ရွယ်ထားပြီး အော်ရင် ပစ်မယ်ဆိုပြီး ပြောတယ် ၊ လက်နက်ကိုင် ကျန် ၂ ဦးကတော့ ဗီရိုတွေကိုဖွင့်ပြီး ရွှေထည်လက်ဝတ်ပစ္စည်းမျိုးစုံ ၄၀ ကျပ်သားကျော် ၊ အိမ်ထောင်စုဇယား ၊ နိုင်ငံသားပြုခွင့် စာရွက်စာတမ်း ၊ ရွာအုပ်ချုပ်ရေးသုံး စာရွက်စာတမ်းတွေနဲ့ စားသောက်စရာတွေကိုပါယူဆောင်ပြီး အိမ်ရှင် မာမွတ်ရှော်ဖီကို လက်နောက်ပြန်ကြိုးတုပ်လို့ ရွာပျက်ဖြစ်တဲ့ ဒုချီယာတန်းဘက်ကို ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်တယ်လို့ ” မကျဥ်းချောင်းနယ်မြေရဲစခန်းမှာ အဲ့ဒီလို ပြောဆိုတိုင်တန်းကာ အမှုရေးဖွင့်ခဲ့တယ်လို့ သိရပါတယ်။
 
ကညင်တန်းကျေးရွာက ယာယီအုပ်ချုပ်ရေးမှူး မာမွတ်ရှော်ဖီဟာ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီးနောက် အခုချိန်အထိ မိသားစုနဲ့ရော သူနဲ့ရင်းနှီးတဲ့ ပတ်ဝန်းကျင်နဲ့ပါ အဆက်အသွယ်ပြတ်တောက်နေတာဖြစ်တယ်လို့ သိရပါတယ်။
 
သူ့ကိုဖမ်းဆီးသွားတဲ့ လက်နက်ကိုင်အဖွဲ့ဟာ ဘယ်အဖွဲ့အစည်းဖြစ်တယ် ၊ ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာနဲ့ အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက် မောင်တောမြို့နယ်အတွင်းက သက်ဆိုင်တဲ့အဖွဲ့တွေ ရှာဖွေနေတယ်လို့ မောင်းတောခရိုင် ထွေ/အုပ်ရုံးဝန်ထမ်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
#voiceofmyanmar #VOM #မောင်တော

Related posts

Leave a Comment

VOM News

FREE
VIEW