ကမာရွတ်မှာ သတင်းပေးသူကြောင့် တက်ကြွလှုပ်ရှားသူလူငယ်တွေကို လိုက်လံဖမ်းဆီး

ရန်ကုန်၊သြဂုတ်၁၉၊၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်အတွင်းက ရပ်ကွက်သုံးခုမှာ သတင်းပေးသူကြောင့် မနေ့ ဩဂုတ် ၁၈ရက် ည ၁၂နာရီနောက်ပိုင်းမှစတင်ကာ တက်ကြွလှုပ်ရှားသူလူငယ်တွေကို လိုက်လံရှာဖွေဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
 
စစ်တပ်နဲ့ရဲတွေက စစ်ကား၁၂စီး၊အိမ်စီးကား၆စီးနဲ့ ကမာရွတ်မြို့နယ်အတွင်း လှည့်လည်ပြီး ၁ရပ်ကွက်၊၃ရပ်ကွက် ၊၆ရပ်ကွက်တို့မှာ လိုက်ရှာပြီး တက်ကြွလှုပ်ရှားသူလူငယ်(၅)ဦးကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
” ၁ရပ်ကွက်၊ အောင်မြေသာစည်လမ်း၊ အောင်မြေသာစည်အိမ်ယာအတွင်းက လူငယ်တစ်ဦးကို လက်ထိပ်ခတ်ပြီး ဖမ်းခေါ်သွားတယ်”လို့ (၁)ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
 
(၅)ရပ်ကွက် ဆရာစံနဲ့ဘုရားလမ်းကြားကို စစ်တပ်နဲ့ရဲတွေဟာ ည ၁၂နာရီခွဲမှာရောက်ရှိလာပြီး လူငယ်သုံးဦးကိုလက်ထိပ်ခတ်ကာ ကားတစ်စီးနဲ့ဖမ်းခေါ်သွားတယ်လို့၃ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
 
“စာရွက်နဲ့အတိအကျလာတာ ဒါဒလန်ကသတင်းပေးလို့ပေါ့၊ ရဲတွေရောစစ်သားတွေရော အရပ်ဝတ်နဲ့သူတွေရော လူအင်အားများတယ်၊ ညက အခြားရပ်ကွက်တွေကလည်း အဖမ်းခံရတယ် ကြားတယ်”လို့ သူကရှင်းပြပါတယ်။
 
ည ၂နာရီခွဲလောက်မှာ ၆ရပ်ကွက်၊ ပြည်ရိပ်မွန်အိမ်ယာ ရထားလမ်းဘေးရှိ တိုက်ပေါ်မှ လူငယ်တစ်ဦးကိုလည်း ထပ်မံဖမ်းဆီးခဲ့တယ်လို့ ၆ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
 
ပြီးခဲ့တဲ့သြဂုတ် ၁၇ နေ့လယ်၂နာရီခွဲကလည်း ၃ ရပ်ကွက်၊ ထန်းတပင်လမ်း၊ ရွှေထန်းပင်ကွန်ဒိုရှေ့မှာ လမ်းသွားလမ်းလာပြည်သူတစ်ဦးကို ဖမ်းဆီးသွားတာလည်း ရှိခဲ့ပါသေးတယ်။
 
ကမာရွတ်မြို့နယ်မှာ သြဂုတ်လ၁၇ရက်နေ့ မနက်၅နာရီခန့်က ၃ရပ်ကွက်၊ ထန်းတပင်လမ်းနဲ့ စေတနာသုလမ်းထောင့်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW