တရုတ်နိုင်ငံ ရွှေလီရောက် မြန်မာနိုင်ငံသားတွေ မြန်မာဘက်ပြန်ဖို့ အခက်ကြုံနေ

ဩဂုတ် ၂၀၊ ၂၀၂၁
Shy V (VOM)
 
တရုတ်နိုင်ငံ ရွှေလီမြို့မှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေဟာ မြန်မာဘက်ကိုပြန်လာဖို့ အခက်ကြုံနေရတယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။
 
” ဇူလိုင်လ ၂၀ ရက်နေ့ ကတည်းက စာရင်းသွင်းထားပြီး ဩဂုတ်လ ၁၉ ရက်နေ့အထိတောင် မပြန်ရသေးဘူး။ လာလည်းမခေါ်ဘူး။ အိမ်ရှင်လည်း ဘာမှမပြောဘူး ဒုက္ခပဲ။ ရဲစခန်းကိုသွားပြောပြန်တော့ နေပါဦးတဲ့။ မတတ်နိုင်တော့ဘူးတဲ့။ ဘယ်မှာနေပြီး ဘာကိုစားရမှာလဲ။အလုပ်လည်းမဖြစ်ဘူး”လို့ မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦးက ပြောပါတယ်။
 
မြန်မာဘက်ကိုပြန်လာဖို့ ရဲစခန်းမှာ သွားရောက်စာရင်းသွင်းဖို့ တရုတ်ဘက်က အသိပေးကြေညာထားပေမယ့် အကူအညီတောင်းတဲ့အခါ ရဲစခန်းဘက်က သူတို့နဲ့ မသက်ဆိုင်ကြောင်း၊ လာရောက်တန်းစီနေတဲ့ လုပ်သားတွေကို တရုတ်ရဲတွေအနေနဲ့ လူစုခွဲ မောင်းထုတ်၊ အထုပ်အပိုးတွေ လွှင့်ပစ်၊ ဗီဒီယိုရိုက်ယူနေတဲ့သူကို ရိုက်နှက်ကာ ဖုန်းတွေကိုလည်း ရိုက်ခွဲပစ်တာ‌တွေရှိနေတာပါတယ်။
 
ရဲစခန်းရှေ့စောင့်နေတဲ့ မြန်မာလုပ်သားတစ်ဦးကလည်း ” တချို့ သူဌေးတွေနဲ့ အိမ်ရှင်တွေဆီကို ပြန်သွားရင်လည်း လက်မခံဘဲ မောင်းထုတ်တာကြောင့် မပြန်ရမှာစိုးတဲ့အတွက် မြန်မာပြည်ကို ပြန်မပို့မချင်း ဘယ်မှမသွားဘူးဆိုကာ ရဲစခန်းရှေ့မှာ အိပ်ပြီး စောင့်ဆိုင်း‌သွားမယ်”လို့ ပြောပါတယ်။
 
မြန်မာအွန်လိုင်း အရေးပေါ် ကျန်းမာရေးကူညီမှုအသင်း (ရွှေလီ) ဥက္ကဋ္ဌ ကိုချမ်းမြေ့ကလည်း ” သူတို့က ပြန်ချင်တဲ့ စိတ်တွေက များနေကြတာဆို‌တော့လေ အဲ့ဒီလို ဖြစ်တာ။ အဲ့ဒါကို လမ်းကြောင်းတစ်ခု ဆွဲနေတယ်။ ဆွဲပြီးရင် ဖွင့်ပြီး ကျွန်တော်တို့ ပြန်ပို့ပေးမှာပါ။ ဘာလို့လဲဆို တရားဝင်လမ်းကြောင်းကပဲ ကျွန်တော်တို့ ပို့ပေးချင်တာလေ။ အဲ့ဒီလို ခိုးပေါက်ကနေ အဲ့ဒီ စက်လှေဂိတ်ကနေ ဘာတွေပို့ရင် သူတို့ ငွေကုန် ကြေးကျများတယ်။ သူတို့အတွက် အသက် အန္တရာယ်လည်း မျာတယ်။” လို့ ပြောပါတယ်။
 
မြန်မာပြည်ပြန်ဖို့အတွက် ရင်ဟို ရဲစခန်းရှေ့မှာ မြန်မာနိုင်ငံသားအယောက် တစ်ရာကျော်ဟာ ရဲစခန်းရှေ့ ပလက်ဖောင်းမှာပဲ အထုပ်အပိုးတွေနဲ့ စခန်းချထားပြီး စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။
 
“နောက်ဆုံးတော့ မြန်မာအချိန်ည ၁၂ နာရီမှာတော့ အားလုံးကို စာရင်းလက်ခံပေးနေရပါပြီ။” လို့ စောင့်ဆိုင်းသူ တစ်ဦး က ပြောပါတယ်။
 
တရုတ်နယ်စပ်ရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအနေနဲ့ ဩဂုတ်လ ၂၀ ရက်နေ့ တရုတ်ချိန် ည‌ နေ ၄ နာရီ နောက်ဆုံးထားပြီး မိမိနေထိုင်ရာရပ်ကွက် တာဝန်ခံမှတစ်ဆင့် ရဲစခန်းကို ပြန်မယ့်စာရင်းပေးသွင်းကြပါဖို့ တရုတ်ဘက်က အသိပေး ကြေညာထားပါတယ်။
 
ဇူလိုင် ၂၆ ရက်ကနေ ဩဂုတ် ၁၀ရက်နဲ့ ၁၆ ရက်‌ နေ့တို့မှာ နန်းတော် တရားဝင်ဂိတ်ကနေ လွှဲပြောင်းပေးတဲ့ တရုတ်နယ်စပ် ရွှေလီ ကျယ်ဂေါင်ဘက်က မြန်မာရွှေ့ပြောင်းလုပ်သား ပြည်တော်ပြန် ၄၈၇၄ ဦး ရှိပြီး ခိုးပေါက်ကနေ ပြန်လာရသူတွေလည်း အများအပြား ရှိ‌နေပါတယ်။
 
Photo – My M Th L
#voiceofmyanmar #VOM #ရွှေလီ

Related posts

Leave a Comment

VOM News

FREE
VIEW