စစ်ကိုင်း ဆင်တပ်ရွာအုပ်ချုပ်ရေးမှူး သတ်ခံရတဲ့အမှုနဲ့ပတ်သက်ပြီး လူ ၃ ဦးကို ရဲကဖမ်းထား

သြဂုတ် ၊ ၂၁ -၂၀၂၁
ရွှေဘုန်းမြတ်စံ(VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ဗြဲတရော်ကျေးရွာ ၊ ကန်တလူဘုရားအနီး သံလမ်းကူးနေရာမှာ သြဂုတ် ၃ ရက် ညနေပိုင်းက ဆင်တပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဓားခုတ်ခံရပြီး သေဆုံးသွားတဲ့ အမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး သံသယရှိတဲ့ဆိုကာ လူ ၃ ဦးကို ရဲက ဖမ်းဆီးထားတယ်လို့ စစ်ကိုင်းဒေသခံတွေကပြောပါတယ်။

သေဆုံးသူနဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတစ်ယောက် က ” ဆင်တပ်ရွာက ရွာခံလူ ၁ ယောက် ၊ အုန်းတောမြောက်ရွာက ၁ ယောက်နဲ့ ချောင်းဦးရွာက ၁ ယောက် ၊ လောလောဆယ် အဲ့ဒီ လူ ၃ ယောက်ကို မိထားတယ် ” လို့ ပြောပါတယ်။

စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့ရုံးတာဝန်ကျ ရဲဝန်ထမ်းတစ်ယောက်က ” သက်သေခံ လက်နက်ပစ္စည်းတွေနဲ့အတူ လူ ၃ ယောက် ဖမ်းမိထားတာ ရှိတယ် ” လို့VOM ရဲ့ မေးမြန်းတာကို အဲ့ဒီလို ဖြေကြားပါတယ်။

ပြီးခဲတဲ့ သြဂုတ် ၃ ရက် ညနေပိုင်းက အသက် ၇၁ နှစ် အရွယ်ရှိ ဆင်တပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သောင်းဟာ စစ်ကိုင်းမြို့နယ် ထွေ / အုပ်ရုံးကနေ ဆင်တပ်ရွာကို အပြန်လမ်းမှာ ဓားနဲခုတ်ခံရပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ လူသတ်မှုနဲ့ပတ်သက်ပြီး သံသယရှိတဲ့ဆိုကာ လူ ၃ ယောက်ကို ရဲဌာနက ဖမ်းဆီးပြီး စစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းခရိုင်ထဲက ဆားတောင်မြို့နယ်ခွဲ အပါအဝင် မြို့နယ် ၄ ခုမှာ မြောင်မြို့နယ်က လူသတ်မှု ဖြစ်ပွားတာဟာ အရေအတွက်နဲ့ အကြိမ်ရေ အများဆုံးဖြစ်ပြီး အဲ့ဒီ လူသတ်မှုဖြစ်စဥ်တွေထဲမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ၃ ယောက်လည်း အသတ်ခံခဲ့ရပါတယ်။

” မြောင်မြို့နယ်က ရွှေပေါက်ပင် အုပ်ကြီး ၊ ဆွဲလဲအို အုပ်ကြီးနဲ့ သူဌေးကုန်း ( သုခဒီပ) အုပ်ကြီး တို့ သတ်ခံရတယ် ၊ ဆွဲလဲအို အုပ်ကြီးဆိုရင် မိသားစုနဲ့အတူ နေအိမ်မှာတင် ၃ လောင်းပြိုင် သတ်ခံရတယ် ၊ ဆွဲလဲအို အုပ်ကြီးကတော့ လမ်းမှာ ၂ လောင်းပြိုင်သတ်ခံရတာနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက သူဌေးကုန် အုပ်ကြီး လည်း အိမ်မှာပဲ အသတ်ခံရတယ် သူ့ပတ်ဝန်းကျင်က လူ ၂ ယောက် ၃ ယောက်လည်း ကျည်ဆံထိလို့ ဒဏ်ရာရကြသေးတယ် ” လို့ ခရိုင် ထွေ / အုပ် ဝန်ထမ်းတစ်ယောက်က ပြောပါတယ် ။

ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင် အပါအဝင် သြဂုတ် ၂၀ရက်နေ့အထိ မြောင်မြို့နယ်၊ ရွှေပေါက်ပင်ရွာ အုပ်ချုပ်ရေးမှူး မိသားစု ၃ လောင်းပြိုင် ၊ ဆွဲလဲအိုရွာ အုပ်မှုး ၂ လောင်းပြိုင် ၊ နဘတ်ကြီးရွာနဲ့ ကင်းရွာအကြား ပြည်ခိုင်ဖြိုး အမတ်ဟောင်း ဦးဝင်းနိုင် ၂ လောင်းပြိုင် ၊ နှဲမုတ်ရွာက လင်မယား ၂ လောင်းပြိုင် ၊ သူဌေးကုန်း အုပ်မှူး နဲ့ စံပြလူမှုကူညီရေး အသင်းက ပရဟိတ သမား ၃ လောင်းပြိုင် စတဲ့ လူသတ်မှု ၇ ကြိမ်ဖြစ်ခဲ့ပြီး သေဆုံးသူ ၁၃ ယောက်ရှိကာ ဒဏ်ရာရသူ ဒါဇင်ဝက်ကျော်ရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်ကိုင်းခရိုင်ထဲက မြို့နယ်တွေမှာ ဖြစ်ပွားတဲ့ လူသတ်မှုတွေထဲက ဆင်တပ်ကျေးရွာ အုပ်ချုပ်ရေးမှူး အသတ်ခံရတဲ့အမှုနဲ့ ပတ်သက်လို့ သံသယရှိသူတွေကို အခုလို ဖမ်းဆီးခဲ့တာဖြစ်ပြီး ကျန်လူသတ်မှုက သံသယရှိသူတွေကိုတော့ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ သိရပါတယ်။

ပုံစာ – ဖမ်းဆီးခံရသူ(၃)ဦး
Photo-စစ်ကိုင်းရဲ
#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW