မြန်မာ့အရေး အာဆီယံရဲ့လုပ်ဆောင်ချက် မျှော်လင့်သလောက်မတိုးတက်ဘူးလို့ စင်ကာပူနိုင်ငံခြားရေး ၀န်ကြီးဝေဖန်

စင်ကာပူ၊ သြဂုတ်-၂၀-၂၀၂၁
မျိုးဆက် (VOM)
 
မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ရဲ့လုပ်ဆောင်မှုတွေဟာ မျှော်လင့်ထားသလောက် မတိုးတက်ဘူးလို့ စင်ကာပူနိုင်ငံခြားရေး၀န်ကြီး အင်တာဗျူးတစ်ခုမှာ ဝေဖန်ပြောဆိုလိုက်ပါတယ်။
 
အဖွဲ့၀င် ဆယ်နိုင်ငံပါ၀င်တဲ့ အာဆီယံအဖွဲ့အနေနဲ့ သံတမန်ရေးရာကတစ်ဆင့် မြန်မာနိုင်ငံတည်ငြိမ်မှုရရှိဖို့အတွက် အားထုတ်လုပ်ဆောင်ဖို့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံအများအပြားက တိုက်တွန်းထားပါတယ်။
 
အာဆီယံရဲ့ဆောင်ရွက်ချက်တွေဟာ မိမိတို့မျှော်လင့်ထားသလောက်မထိရောက် သို့မဟုတ် မြန်ဆန်မှုမရှိဘူးလို့ စင်ကာပူနိုင်ငံခြားရေး၀န်ကြီး ဗီဗီယန်ဘာလာခရစ်ရှနန်က ပြောပါတယ်။
 
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဧပြီလအတွင်းက ကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ ဘုံသဘောတူညီချက် (၅)ချက်ရရှိခဲ့ပြီး ဒီသဘောတူညီချက်တွေကို အကောင်အထည်ဖော်မှုတစိတ်တပိုင်းအဖြစ် ဘရူနိုင်းဒုတိယနိုင်ငံခြားရေး၀န်ကြီးကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် သြဂုတ်လ အစောကပိုင်းမှာ ခန့်အပ်နိုင်ခဲ့ပါတယ်။
 
နို၀င်ဘာလမှာကျင်းပမယ့် အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အထူးသံတမန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ တိုးတက်မှုတွေရှိလာဖို့ မျှော်လင့်ကြောင်း စင်ကာပူနိုင်ငံခြားရေး၀န်ကြီးက ဆိုပါတယ်။
 
ဒါပေမယ့်လည်း အဓိပ္ပါယ်ပြည့်၀တဲ့ခရီးစဉ်ဖြစ်ဖို့အတွက်ကတော့ သံတမန်အနေနဲ့ မြန်မာနိုင်ငံရေးမှာ ပါ၀င်ပတ်သက်သူအားလုံးနဲ့ တွေ့ခွင့်ရရေးကို မြန်မာအာဏာပိုင်တွေခွင့်ပြုဖို့လိုမယ်လို့ သူကပြောပါတယ်။
 
ဒါဟာ မိမိတို့အာဆီယံအဖွဲ့ရဲ့ အထူးသံတမန်ကို ဘယ်လိုဆက်ဆံမလဲဆိုတာ အဓိကစမ်းသပ်ချက် တစ်ခုဖြစ်တယ်လို့ ဗီဗီယန်ဘာလာခရစ်ရှနန်က ပြောပါတယ်။
 
Ref : SCMP
Photo: AFP
#voiceofmyanmar #VOM #စင်ကာပူ

Related posts

Leave a Comment

VOM News

FREE
VIEW