မြောင်မြို့နယ်ထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူး အများစုဟာ မိသားစု အသက်ဘေးအန္တရာယ် စိုးရိမ်ရတဲ့အတွက် ထွက်စာတင်ပြီး နေရပ်စွန့်ခွာ

သြဂုတ် ၊ ၂၀ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြောင်မြို့နယ်ထဲက ရပ်ကျေး အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်နေတဲ့ အုပ်ချုပ်ရေးမှူးမိသားစုတွေဟာ အသက်ဘေး အန္တရာယ် စိုးရိမ်ရတဲ့အတွက် လက်ငုတ် လက်ရင်း လုပ်ငန်းတွေကို ပစ်ထားခဲ့ပြီး နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ ကာယကံရှင်တွေ ကိုယ်တိုင်ပြောပြချက်အရ သိရပါတယ်။
 
” ဧပြီလကုန် မေလဆန်းက စလို့ မိသားစု အသက်အန္တရာယ်နဲ့ ပတ်သက်ပြီး ခြိမ်းခြောက်ခံလာရတယ် ၊ အိမ်ရှေ့မှာ စာလာကပ်တာ ၊ ခဲပေါက်တာ ၊ ဆိုင်ကယ်ဘီးပေါက်အောင် အိမ်ရှေ့ခြံပေါက်မှာ ဆူးသံတွေ ထောင်တာ ၊ မစင်ထုပ်ကို အိမ်ဝန်းထဲ လာပစ်တာနဲ့ ယာခင်းတောက စိုက်ပျိုးသီးနှံနဲ့ လယ်ယာသုံး ပစ္စည်းတွေ ဖျက်စီးတာ ၊ ဒုက္ခအမျိုးမျိုးခံရတယ် ၊ တနေ့ထက် တနေ့ ခြိမ်းခြောက်မှုတွေများလာတယ် ၊ အုပ်မှူးတွေ သတ်ခံရတာလဲ များလာတယ် ၊ အဲ့ဒါကြောင့် ရွာမှာ နေဖို့ မသင့်တော့ဘူးဆိုပြီး ရွာက ထွက်လာခဲ့တာ ” လို့ မြောင်မြို့နယ်ထဲက နေရပ်စွန့်ခွာလာတဲ့ ထွက်စာတင်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှုးဟောင်း တစ်ယောက်က ပြောပါတယ်။
 
မြောင်မြို့နယ်မှာ မေလက စလို့ မကြာခဏ လူသတ်မှုတွေ ဖြစ်ပေါ်နေပြီး အဲ့ဒီ လူသတ်မှု ဖြစ်စဥ်တွေထဲက ရွှေပေါက်ပင်ရွာ အုပ်ချုပ်ရေးမှူး နဲ့ သူ့မိန်းမ သူ့ကလေး အပါအဝင် သေဆုံးခဲ့ရတဲ့ ၃ လောင်းပြိုင် လူသတ်မှု ၊ ဆွဲလဲအိုရွာ အုပ်ချုပ်ရေးမှူး နဲ့ သူ့တပည့် အပါအဝင် သေဆုံးခဲ့ရတဲ့ ၂ လောင်းပြိုင် လူသတ်မှု ၊ သူဌေးကုန်း ( သုခဒီပ) ရွာ အုပ်ချုပ်ရေးမှူး သတ်ခံရတာလည်း ပါဝင်နေပါတယ်။
 
ဒါ့အပြင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ တွေနဲ့ အနေနီးပြီး ရွာရေး ရပ်ရေး လုပ်ကိုင်နေတဲ့သူ တချို့ကိုလည်း သတင်းပေး ၊ ဒလန် ၊ ဒေါက်တိုင် ၊ ပျူစောထီး စတဲ့ နာမည်အမျိုးမျိုး အကပ်ခံရပြီးနောက် သတ်ဖြတ်ခံရတာတွေလည်း ရှိပါတယ် ။
 
” ချစ်ခြင်း မုန်းခြင်း ရန်ငြိုး ရန်စတွေကြောင့် အသတ်ခံနေရတာ မဟုတ်ဘူး ၊ ဒလန်ရှင်းလင်းရေး ဒေါက်တိုင်ရှင်းလင်းရေးဆိုပြီး ကြုံသလို သတ်နေကြတာ ၊ မကြုံဘူးဆိုလည်း အိမ်ထဲထိ လိုက်သတ်နေတာ ၊ သူဌေးကုန်း အုပ်မှုး ဦးအောင်မြင့်စိန် အိမ်ထဲထိ လာသတ်တယ် သူ့မိန်းမလဲ ဒဏ်ရာရတယ် ၊ ရွှေပေါက်ပင် အုပ်မှုး နဲ့ အုပ်မှုး မိန်းမရော ကလေးပါ သတ်ခံရတာ ၊ မိသားစု အသက်အန္တရာယ် စိုးရိမ်ရလို့ အလုပ်ထွက်စာတင်ပြီး ရွာမနေရဲလို့ ရွာကထွက်လာတာ ” လို့ မြောင်မြို့နယ် တောင်ပိုင်းက အုပ်ချုပ်ရေးမှူးဟောင်း တစ်ယောက်က ပြောပါတယ်။
 
မြောင်မြို့နယ်ဟာ မန္တလေးတိုင်း မြင်းခြံမြို့နယ် ၊ ငဇွန်မြို့နယ် ၊ မကွေးတိုင်းရေစကြို့မြို့နယ် နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ် အကြား တည်ရှိနေတာပါ ၊ အဲ့ဒါကြောင့် ကျေးရွာတွေမှာ လူစိမ်းတွေ ဝင်ထွက်သွားလာတာများပြားလာပြီး လူသတ်မှုတွေ မကြာခဏ ဖြစ်ရတာလို့ ဒေသခံတွေက ပြောပါတယ်။
 
အဲ့ဒီလို အခြေအနေတွေကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး တွေဟာ အုပ်ချုပ်ရေးမှူး တာဝန်ကို ဆက်မလုပ်ရဲတော့ပဲ နူတ်ထွက်စာတွေ တင်ပြကာ ရွာကနေ တိမ်းရှောင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #vom #မြောင်အုပ်ချုပ်ရေးမှူး

Related posts

Leave a Comment

VOM News

FREE
VIEW