ယင်းမာပင်ရဲစခန်းက ရဲ(၁)ဦး သက်သေခံပစ္စည်း ရွှေချောင်းတွေနဲ့အတူ လက်နက်တွေပါ ယူဆောင်ထွက်ပြေး

သြဂုတ် ၊ ၂၀ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ယင်းမာပင်မြို့ ၊ မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်း တစ်ဦးဟာ ရဲစခန်းပိုင် သေနတ် ၁ လက်နဲ့အတူ သက်သေခံပစ္စည်းတွေကို ယူဆောင်ပြီး ဒီကနေ့ နေ့လယ် ၁၂ နာရီ နောက်ပိုင်းက ထွက်ပြေးပျောက်ဆုံးနေတယ်လို့ ရဲဌာနအသိုင်းအဝိုင်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ပျောက်နေတဲ့ ရဲက ရဲတပ်ကြပ်ကြီး ရာထူးအဆင့်ရှိတဲ့သူဖြစ်တယ် ၊ သူနဲ့အတူ သေနတ် ၁ လက်နဲ့၊ အမှုနဲ့ ဖမ်းဆီးသိမ်းထားတဲ့ သက်သေခံပစ္စည်း ရွှေနဲ့ ပိုက်ဆံတွေပါ ပျောက်ဆုံးနေတာ ” လို့ ယင်းမာပင်ခရိုင် ရဲတပ်ဖွဲ့ရုံး တာဝန်ကျ အမည်မဖော်လိုတဲ့ ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ် ။
 
ယင်းမာပင်ခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးအဖွဲ့က ပြီးခဲ့တဲ့ ဇူလိုင် ၁၀ မနက်ပိုင်းက မုံရွာ-ဂန့်ဂေါ-ကလေး ကားလမ်းပေါ်မှာ ယာဥ်သွားယာဥ်လာတွေကို တားဆီး စစ်ဆေးချိန် လူ၂ဦးဆီကနေ သိမ်းဆည်းထားတဲ့ ၁၀ ကျပ်သား အလေးချိန်ရှိတဲ့ ရွှေချောင်း ၁၂၅ ချောင်း ၊ ရွှေပိဿာချိန် စုစုပေါင်း ၁၂ ပိဿာ ၅၀ ကျပ်သား နဲ့ ပိုက်ဆံ သိန်း ၄၉၀ ကျပ်ကိုယူဆောင်ပြီး ထွက်ပြေးသွားတာဖြစါတယ်လို့ သိရပါတယ်။
 
အဲ့ဒီလို့ ဖမ်းဆီးသိမ်းဆည်းထားတဲ့ ပစ္စည်းတွေရဲ့ကိစ္စကို ရဲစခန်းလုပ်ငန်း မှတ်ပုံတင်- ၃၂ ရေးသွင်းပြီး ဂါတ်စာရေး (တပ်ကြပ်ကြီး စာရေး)က သက်သေခံပစ္စည်းစတိုမှာ ထည့်သွင်းထိန်းသိမ်းထားရပြီး မပျောက်မပျက်အောင် တာဝန်ခံ ဆောင်ရွက်ရတာလည်း ဖြစ်ပါတယ်။
 
အဲ့ဒီ သက်သေခံ ရွှေချောင်းတွေနဲ့ ပိုက်ဆံတွေပါ ပျောက်ဆုံးနေတာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် VOM က သီးခြား သတင်းအတည်ပြုချက်ရရှိဖို့ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
 
ဒါ့အပြင် ” ရဲစခန်းမှာက လုံခြုံရေးဆိုင်ရာ တပ်တွင်း တပ်ပြင် ကိစ္စတွေ များတယ် ၊ ကိုဗစ် ကာကွယ်ဆေးထိုး လုပ်ငန်းတွေမှာ လုံခြုံရေး လုပ်နေတဲ့အချိန်ဆိုတော့ စခန်းပိုင်းဆိုင်ရာ အလုပ်တွေက အုပ်ချုပ်နဲ့ ဂါတ်စာရေးကပဲ လုပ်ရတယ် ၊ လက်နက်ဆိုင်ရာ ကိစ္စက အုပ်ချုပ်က တာဝန်ယူတယ် ၊ သက်သေခံ ပစ္စည်းနဲ့ အမှုကိစ္စက ဂါတ်စာရေးက တာဝန်ခံတယ် “လို့ ယင်းမာပင် နယ်ခံ အငြိမ်းစားရဲဝန်ထမ်းတစ်ယောက်က ရဲစခန်းရဲ့ လုပ်ငန်းသဘာဝကို အခုလို ရှင်းပြ ပြောခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ယင်းမာပင်

Related posts

Leave a Comment

VOM News

FREE
VIEW