ရွှေလီဘက်ပိတ်မိ‌နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ နန်းတော်‌ တရားဝင်ဂိတ်ကနေ ပြန်လည် ဝင်ရောက်လာ

ဩဂုတ် ၂၁ -၂၀၂၁
Shy V(VOM)

တရုတ်နယ်စပ် ရွှေလီဘက် ပိတ်မိနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ဒီကနေ့ မနက် ၈ နာရီက ရွှေလီ-ကျယ်ဂေါင်ဘက်က‌နေ မြန်မာနိုင်ငံဘက်ခြမ်း မူဆယ်ဘက်ကို တရားဝင် နန်းတော်ဂိတ်ပေါက်မှတစ်ဆင့် ပြန်လည်ဝင်ရောက်လာနေပြီလို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးကွန်ယက်ဆီက သိရပါတယ်။

“တရုတ် ဘက်ခြမ်းကနေ ပြန်လို့ရပါပြီ။ မနေ့က စာရင်းသွင်းထားတဲ့သူတွေပါ။ Hiကွမ်းမှာ စာရင်း၊အာခေါင် ဆေးစစ်စာရွက်တွေ စစ်ဆေးနေတယ်။ ဟိုနေ့ည ရဲစခန်းရှေ့ အိပ်ရတဲ့လူတွေ အကုန်မပါဘူး။ အားလုံး မပါဘူး။ ရက်ချိန်းမယ်ထင်တာပဲ။ PPE က ပိုက်ဆံမပေးရပါဘူး။ လူဦးရေက ခန်းမှန်လို့မရသေးဘူး။” လို့ ပြန်လာဖို့ တရုတ်ဘက်ခြမ်း တန်းစီနေသူ လူငယ်တစ်ဦးက ပြောပါတယ်။

တရုတ်အစိုးရအနေနဲ့ တစ်ပတ်တစ်ကြိမ် ခက်ခဲသူတွေအားလုံးကို ဆန်၊ ဆီ၊ ခေါက်ဆွဲတွေ ထောက်ပံ့ပေးပေမယ့် အများစုက Lockdown ကာလ ကြာရှည်လာတာနဲ့အမျှ အလုပ်အကိုင်နဲ့ ဝင်ငွေ လုံးဝ မရှိတော့တာကြောင့် စရိတ်ပြတ်၊ ခက်ခဲနေကြလို့ မဖြစ်မနေ ပြန်ကြရတယ်လို့ ပြောဆိုပါတယ်။

အိမ်လခ ခက်ခဲနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတချို့ကို အိမ်ရှင်တွေနဲ့ အလုပ်ရှင်တွေက လက်မခံချင်တော့တာ‌တွေရှိလို့ စရိတ်ခက်ခဲနေပြီဖြစ်တဲ့ မြန်မာလုပ်သား တစ်ရာကျော်က မြန်မာနိုင်ငံပြန်ဖို့ စာရင်းသွင်းတဲ့ ရဲစခန်းရှေ့မှာ ဩဂုတ်လ ၁၉ ရက်နေ့က အထုပ်အပိုးတွေနဲ့ လမ်းဘေးမှာအိပ်ပြီး တောင်းဆိုခဲ့ကြတာဖြစ်ပေမယ့် အဲဒီထဲက တချို့သာ ပြန်ခွင့်ရတယ်လို့ ပြန်လာ‌နေသူတစ်ဦးက ပြောပါတယ်။

တရုတ်နယ်စပ်ရောက် မြန်မာန်ုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေကို ဇူလိုင် ၂၆ ရက်ကနေ ဩဂုတ်လ ၁၀ ရက်နေ့ အထိ နန်းတော် တရားဝင် ဂိတ်ပေါက်ကနေ ၁၆ ရက် ဆက်တိုက် တရုတ်ဘက်ကနေ မြန်မာဘက်ကို လွှဲ‌ပြောင်းပို့ဆောင်ကာ ပြည်တော်ပြန်လာခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

ဩဂုတ်လ ၁၁ ရက်နေ့ကစ နန်းတော် တရားဝင်ဂိတ်ပေါက်ကို တရုတ် ဘက်က ယာယီပြန်ပိတ်လိုက်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားတွေကိုဩဂုတ်လ ၁၆ ရက်နေ့မှာ တစ်သုတ်၊ ဒီကနေ့ ဩဂုတ်လ ၂၁ ရက်နေ့မှာ တစ်သုတ် နှစ်နိုင်ငံနယ်စပ် အစိုးရတွေအနေနဲ့ ညှိနှိုင်းကာ ပြန်လည်လွှဲပြောင်းလက်ခံခဲ့ကြတာဖြစ်ပါတယ်။

Photo – NSTh လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးကွန်ယက်
#voiceofmyanmar #VOM #ရွှေလီ

Related posts

Leave a Comment

VOM News

FREE
VIEW