ခင်ဦးမှာ လှည့်ကင်းရဲကပစ်လို့ လူ ၂ ယောက်သေဆုံး

သြဂုတ် ၊ ၂၂ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့ ၊ မြကန်သာရပ်ကွက်နဲ့ ကန်သာယာကျေးရွာအကြားက တံတားနေရာမှာ မနေ့ သြဂုတ် ၂၁ ည ၁၁ နာရီဝန်းကျင်အချိန်က လှည့်ကင်းရဲက သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် လူ ၂ ဦးသေဆုံးခဲ့တယ်လို့ ခင်ဦးမြို့ခံတွေက ပြောပါတယ်။
 
ကျည်ဆံထိမှန် သေဆုံးခဲ့တဲ့ လူ ၂ ယောက်ကို သွားရောက်သယ်ဆောင် ကူညီပေးခဲ့တဲ့သူ တစ်ယောက်က “ခန့်မှန်းရတာကတော့ အသက် ၄၀ နှစ် အရွယ် အမျိုးသား ၁ ယောက်က ဦးခေါင်းဘယ်ဘက်အခြမ်း ကျည်ဆံ ဖောက်ဝင်ဒဏ်ရာနဲ့ အမျိုးသမီး ၁ ယောက်ကတော့ ဝမ်းဗိုက် ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးနေတာ ” လို့ ပြောပါတယ် ။
 
အဲ့ဒီ လူ ၂ ယောက် သေဆုံးရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရွှေဘိုခရိုင်ရဲတပ်ဖွဲ့ရုံး ရဲဝန်ထမ်း တစ်ယောက်က ” တပ်ဖွဲ့ဝင်တွေက အဲ့ဒီ ဆိုင်ကယ်ကို ရပ်ပေးဖို့ တားတယ် ၊ ဆိုင်ကယ်မရပ်ဘဲ မောင်းပြေးသွားတယ် ၊ အဲ့ဒါကြောင့် ပစ်ခတ်လိုက်တဲ့အခါ ဆိုင်ကယ်လဲကျသွားတယ် ၊ စစ်ဆေးတဲ့အခါ ဆိုင်ကယ်ဘေးမှာ သေဆုံးနေတဲ့ လူ ၂ ယောက်ဆီက လုပ်သေနတ် ၁ လက်နဲ့ ဆိုင်ကယ် တူးလ်ဘောက်ထဲက ကော်ပိုက်နဲ့ လုပ်ထားတဲ့ ဗုံး ၁ လုံးတွေ့ရတယ် ” လို့ VOM ရဲ့ ဆက်သွယ်မေးမြန်းတာကို အဲ့ဒီလို ဖြေကြား ပြောပါတယ်။
 
လှည့်ကင်းရဲက သေနတ်နဲ့ပစ်လိုက်လို့ သေဆုံးသူတွေဟာ ဘယ်သူ၊ ဘယ်ဝါ ဖြစ်တယ်ဆိုတာ လက်တလောအချိန်ထိ မသိရသေးဘူး။
 
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ကလေးခရိုင် ၊ မင်းကင်းမြို့ ၊ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးမှာ သေနတ်ပစ်ခတ်မှုကြောင့် အရပ်သား ၂ဦး သေဆုံးခဲ့တဲ့ ဖြစ်စဥ်တခု ရှိခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ခင်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW