မုံရွာခရိုင်မှာ ဗုံးတွေ ဆက်တိုက်ပေါက်

သြဂုတ် ၊ ၂၂ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ဘုတလင်မြို့နယ် ဆိတ်သာကန်ကျေးရွာအနီး မုံရွာ ရေဦး ကားလမ်း မိုင်တိုင်အမှတ် ၁၀၉ ဝန်းကျင်နေရာမှာ ဒီကနေ့ နေ့ခင်းပိုင်းက ကားလမ်းဘေးထောင် မိုင်းများ ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ ဆိတ်သာကန်ရွာခံတွေရဲ့ ဆက်သွယ် ပြောပြချက်အရ သိရပါတယ်။
 
” ပေါက်ကွဲအားက ပြင်းတယ် ၊ ထိခိုက်ပျက်စီးတာတွေရှိတယ်လို့ ကြားရတယ် ၊ အခြေအနေက ဘာမှ မသိရသေးတဲ့အတွက် သွားမကြည့်ရဲဘူး ” လို့ ဆိတ်သာကန် ရွာခံ တစ်​ယောက်က ပြောပါတယ်။
 
” အဲ့ဒီ ပေါက်ကွဲတဲ့နေရာမှာ မိုင်စထိမှန် ပျက်စီးနေတဲ့ ဆိုင်ကယ် ၁ စီးတွေ့ရတယ် ၊ အဲ့ဒီ ဆိုင်ကယ်ရဲ့ နောက်ဘီး တခုလုံး စုတ်ပြတ်နေတာ ၊ အချိန်သိပ်မကြာဘူး ၊ အဲ့ဒီ နေရာနဲ့ ပေ ၃ / ၄ ဆယ် အကွာဝေးလောက်က နေ နောက်ထပ် ပေါက်ကွဲမှု ၂ ကြိမ်ထပ်ဖြစ်တယ် ” လို့ အဲ့ဒီ ပေါက်ကွဲမှုဖြစ်တဲ့ နေရာရဲ့ အနီးဝန်းကျင်မှာ​ မြေပဲခင်းထဲ တောင်သူလုပ်ငန်း လုပ်ကိုင်နေသူ တစ်​ယောက်က ပြောပါတယ်။
 
အဲ့ဒီ ပေါက်ကွဲမှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး မုံရွာမြို့ပေါ်မှာ လူ ၁၂ ယောက်ထက်မနည်းသေဆုံးပြီး လူ ၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သတင်းပျံ့နှံ့နေပေမယ့် မုံရွာခရိုင်အုပ်ချုပ်ရေးကောင်စီ အဖွဲ့ကတော့ အဲ့ဒီ ပေါက်ကွဲမှုမှာ ဆိုင်ကယ် ၁ စီးပဲ ထိခိုက်ပျက်စီးနေတာ တွေ့ရပြီး ကျန် လူနဲ့ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရတာ သေဆုံးတာ မရှိဘူးလို့ ပြောပါတယ်။
 
ဒါ့အပြင် မုံရွာမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဝန်ထမ်းတွေနေထိုင်တဲ့ လယ်တီရပ်ကွက် သမဝါယမ ရေခဲစက်အနီးက စည်ပင်ဝန်ထမ်း အိမ်ယာမှာ လက်ဆွဲခြင်းထဲ အချိန်ကိုက် မိုင်း ၁ လုံး ထည့်ပြီး လာရောက်ထောင်ထားတာကို စည်ပင်ဝန်ထမ်းတွေက အချိန်မီ တွေ့ရတဲ့အတွက် သက်ဆိုင်ရာကို အကြောင်းကြား ရှင်းလင်းဖယ်ရှားခဲ့ရတယ်လို့ စည်ပင်ဝန်ထမ်းတွေက ပြောပြပါတယ်။
 
ဒါ့အပြင် မနေ့ သြဂုတ် ၂၁ မနက်ပိုင်းကလည်း မုံရွာမြို့ မြို့သစ်ရပ်ကွက် ဗိုလ်ချုပ်လမ်းမှာရှိတဲ့ စစ်ကိုင်းတိုင်း စစစ ရုံးဝန်းအတွင်း ကားတွေထားတဲ့နေရာက မပေါက်ကွဲသေးတဲ့ မိုင်း ၁ လုံးတွေ့ခဲ့ရတယ်လို့ ကြားသိရပါတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းက တိုင်းကောင်စီးရုံးနဲ့ နမခ စစ်ဌာနချုပ်ရဲ့ကြား မုံရွာ ဘုတလင် ရေဦး ကားလမ်းနဲ့ မုံရွာ ယာကြီး ကလေး ကားလမ်းဆုံ ဒေသအခေါ် အလုံသုံးထောင့်ချွန်း နေရာမှာ အဝေးထိန်း မိုင် ၁ လုံးပေါက်ကွဲတဲ့အတွက် မြို့ပြ လမ်းညွှန် ဆိုင်းဘုတ် မိုင်းစထိမှန် ပျက်စီးခဲ့ပါတယ်။
 
အဲ့ဒီရဲ့ နောက်တစ်ရက်မှာ အလုံသုံးထောင့်ချွန်းနေရာအနီးက အလုံရဲစခန်း အနီးဝန်းကျင် မှာ မပေါက်ကွဲသေးတဲ့ ဗုံး ၁ လုံးထောင်တာကို စစ်တပ်က လာရောက်ရှင်းခဲ့ရပါသေးတယ်။
 
ဒါ့အပြင် မုံရွာ ရုံးကြီးရပ်ကွက်ထဲက ကာစတန်ရုံးအနီးနဲ့ အကျဥ်းထောင်ဘေးက အားကစားကွင်းထဲမှာ ပေါက်ကွဲတာတွေဖြစ်ခဲ့ပါတယ်။
 
အဲ့ဒါကြောင့် မုံရွာမြို့ရဲ့ အဓိက အချက်အခြာကြတဲ့ အရေးကြီး နေရာတချို်မှာ ဒီရက်ပိုင်းအတွင်း မကြာခဏ ပေါက်ကွဲဖြစ်စဥ်တွေနဲ့ ဗုံးလန့် သတင်းတွေ ဖြစ်ပေါ်နေတာကြောင့် လမ်းသွား လမ်းလာ အများပြည်သူတွေအဖို့ ပေါက်ကွဲမှုဘေးအန္တရာယ်ကို စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #vom #မုံရွာခရိုင်ဗုံးပေါက်မှုများ
 
ပုံစာ ၊ ဒီနေ့ ပေါက်ကွဲတဲ့နေရာက ဆိုင်ကယ်
ဓာတ်ပုံ ဆိတ်သာကန် ရွာခံ တစ်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW