ရသေ့တောင်မှာ ကပ်ဘေးကာလ အခြေခံလူတန်းစားတွေအတွက် လူငယ်တွေက စားနပ်ရိက္ခာထောက်ပံ့

ရသေ့တောင်၊ ဩဂုတ် ၂၂- ၂၀၂၁
ထက်အောင်စိုင်း (VOM)
 
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ ဒီကနေ့ ဩဂုတ်လ ၂၂ ရက်နေ့ မနက် ၉ နာရီလောက် က လက်လုပ်လက်စား စားဝတ်နေရေးခက်ခဲတဲ့ အခြေခံလူတန်းစားတွေကို လူငယ်တွေဦးဆောင်ပြီး စားနပ်ရိက္ခာထောက်ပံ့လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
 
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကပ်ဘေးကြောင့် စားဝတ်နေရေးခက်ခဲတဲ့ အခြေခံလူတန်းစား လက်လုပ်လက်စားတွေကို စားနပ်ရိက္ခာသုံးမျိုးဖြစ်တဲ့ ဆန်၊ ကြက်သွန်နဲ့ ကြက်ဥတွေကို ရသေ့တောင်လူငယ်အဖွဲ့က လူငယ်တွေ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
 
ရသေ့တောင်လူငယ်အဖွဲ့ ဥက္ကဌ ကိုဝင်းကိုက “ ကျနော်တို့ ရသေ့တောင်လူငယ်အဖွဲ့က ရံပုံငွေနဲ့ ရသေ့တောင်ကလူတွေရဲ့ အလှူငွေတွေနဲ့ ထောက်ပံ့တာဖြစ်ပါတယ်။ အဓိကတော့ လက်လုပ်လက်စားတွေ၊ သ‌ေင်္ဘာဆိပ်မှာ ကူလီထမ်းတဲ့သူတွေ ပြီးတော့ သုံးဘီးဘေးတွဲဆိုင်ကယ်မောင်းတဲ့သူတွေကို ဦးစားပေးပြီးထောက်ပံ့ပေးတာပါ။ အခုက ရသေ့တောင်မှာ ကိုဗစ်ကန့်သတ်ချက်တွေကအများကြီးပဲ။ နေ့လည် ၁၂ နာရီဆိုတာနဲ့ ဈေးဆိုင်တွေ ပိတ်ကြပြီ။ စက်လှေတွေကလည်း မလာကြတော့ သူတို့တွေအတွက် အခက်အခဲဖြစ်တာပေါ့။ ဒါကြောင့် သူတို့ခက်ခဲနေတဲ့အချိန်မှာ ကူညီထောက်ပံ့ပေးတာဖြစ်ပါတယ်။” လို့ စားနပ်ရိက္ခာထောက်ပံ့တာနဲ့ ပတ်သက်ပြီးပြော ပါတယ်။
 
လက်ရှိမှာ အိမ်ထောင်စု (၂၀၀) အတွက် ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး ငွေကြေးတန်ဖိုး ကျပ် (၇) သိန်းကျော်ရှိကာ နောက်ထပ်လည်း ထောက်ပံ့ပေးမယ့်အစီအစဉ်များရှိကြောင်း သူကပြောပါတယ်။
 
ရခိုင်ပြည်နယ်အတွင်း ကပ်ဘေးကာလ စားဝတ်နေရေးအခက်အခဲရှိသူတွေကို လူငယ်တွေဦးဆောင်ပြီး စားနပ်ရိက္ခာထောက်ပံ့မှုတွေကို ရသေ့တောင်၊ မြောက်ဦး၊ သံတွဲအပြင် အခြားမြို့နယ်တွေမှာလည်း လုပ်ဆောင်နေကြောင်း သိရပါတယ်။
 
ပြည်နယ်တွင်း လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ဘေးတတိယလှိုင်းကြောင့် မနေ့ ဩဂုတ်လ ၂၁ ရက်နေ့ ညပိုင်းထိ သေဆုံးသူ (၃၆၂) ဦးနဲ့ ကူးစက်ခံရသူ (၃၇၈၅) ရှိကာ ရောဂါသက်သာပျောက်ကင်းပြီး ဆေးရုံဆင်းခွင့်ရသူ (၃၄၁၂) ဦးရှိကြောင်း ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
 
#voiceofmyanmar #vom #ရသေ့တောင#စားနပ်ရိက္ခာထောက်ပံ့

Related posts

Leave a Comment

VOM News

FREE
VIEW