တီးတိန် မြန်မာ့စီးပွားရေးဘဏ်ရှေ့ပစ်ခတ်မှုဖြစ်လို့ ဘဏ်စောင့် ရဲ ၃ ဦး သေဆုံး

သြဂုတ် ၊ ၂၅ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
ချင်းပြည်နယ်မြောက်ပိုင်း ၊ ဖလမ်းခရိုင် ၊ တီးတိန်မြို့ ၊ မြို့မရပ်ကွက်မှာရှိ မြန်မာ့စီးပွားရေးဘဏ်မှာ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က သေနတ်ပစ်ခတ်မှုတွေဖြစ်ပွားပြီး ဘဏ်တာဝန်ကျတဲ့ ရဲ ၃ ဦးဟာ သေနတ်ပစ်ခံရကာ နေရာမှာတင် သေဆုံးသွားတယ်လို့ တီးတိန်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” တီးတိန်ဘဏ်မှာက တနလ်ာ ၊ ဗုဒ္ဓဟူး ၊ ၃ ရက်က အငြိမ်စား လစာထုတ်ပေးတဲ့နေ့ဖြစ်တယ် ၊ သေနတ်သမားတွေက ဆိုင်ကယ်နဲ့လာပြီး ဘဏ်ရှေ့မှာ လုံခြုံရေးလုပ်ပေးနေတဲ့ ရဲတွေကို ပစ်တာ ရဲ ၃ ဦး အဲ့ဒီနေရာမှာတင် သေတယ် ၊ သေနတ်သမားက ၄ ​ယောက်လို့ ကြားရတယ် ၊ ဘဏ်ဝန်ထမ်းတွေက နောက်ဖေးပေါက်ကနေ ထွက်ပြေးပြီး အနီးနားက အိမ်တွေမှာ ပုန်းကြတဲ့အခါ ကောင်တာငွေတွေ ပါသွားတယ်လို့ ကြားရတယ် ” လို့ မြို့မရပ်ကွက်နေ ဒေသခံတစ်ယောက်က သူကြားရတာနဲ့ပတ်သက်ပြီး အခုလိုပြောပြတာ ဖြစ်ပါတယ်။
 
တီးတိန်မြို့မရဲစခန်းနဲ့ဆက်စပ်သူတစ်ဦးကတော့ “ဘဏ်မှာ ပစ်ခံရတယ်လို့တော့ သိရတယ် ၊ ကျသွားတဲ့ တပ်ဖွဲ့ဝင် ၃ ဦးစလုံးက ဒေသခံ ချင်းတိုင်ရင်းသားတွေဖြစ်ကြတယ် ၊ သေနတ်ဒဏ်ရာကြောင့် အဲ့ဒီ ဘဏ်ရှေ့မှာတင် အသက်ကုန်တာ ၊ ဘယ်အဖွဲ့က ပစ်တယ်ဆိုတာ အခုထိတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
 
အဲ့ဒီ ပစ်ခတ်မှုဖြစ်တဲ့အချိန်မှာ ဘဏ်ထဲက ငွေတွေ ယူဆောင်သွားပြီး ငွေပမာဏဘယ်လောက်ဖြစ်တယ်ဆိုတာကို အတည်ပြုဖို့ သက်ဆိုင်ရာက စီစစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
 
တီးတိန်မြို့ရဲ့ လက်ရှိအခြေအနေဟာ စျေးဆိုင်တွေပိတ်ထားကြပြီး လမ်းသွားလမ်းလာ လူမရှိတော့ဘဲ လုံခြုံရေးတင်းကြပ်စွာချထားတဲ့အပြင် အဲ့ဒီ လုံခြုံရေးတွေက စစ်ဆေးမေးမြန်းတာနဲ့ ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ တီးတိန်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
ဒါ့အပြင် ဒီကနေ့ နေ့ခင်း ၁ နာရီနောက်ပိုင်းမှာ စစ်ရဟတ်ယာဥ်နဲ့ တီးတိန်ုမြို့ပေါ် ပျံဝဲနေတယ်လို့ သ်ိရပြီး တီးတိန်မြို့ရဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖြတ်တောက်ပိတ်ဆို့ထားတယ်လို့လည်း သိရပါတယ်။
 
ဟားခါးနဲ့ ထန်တလန်မြို့နယ်ခွဲအကြား တီးမစ်ချောင်းနားမှာ ပစ်ခတ်မှုတွေဖြစ်နေပြီး ဘယ်အဖွဲ့နဲ့ ဘယ်အဖွဲ့ ပစ်နေကြတယ်ဆိုတာကိုလည်း ဒေသခံတွေက မသိရသေးဘူးလို့ ပြောပါတယ်။
 
ဧရာဝတီတိုင်း ပုသိမ်မြို့ပေါ်က ဘဏ်တခုဟာလည်း မနေ့ သြဂုတ် ၂၄ နေ့ခင်းပိုင်းက ပေါက်ကွဲမှုဖြစ်လို့ အစောင့် လုံခြုံရေးတွေ မိုင်းစထိမှန် ဒဏ်ရာရတာတွေရှိခဲ့ပါတယ်။
 
#voiceofmyanmar #VOM #တီးတိန

Related posts

Leave a Comment

VOM News

FREE
VIEW