အမေရိကန်ရဲ့ အကြာရှည်ဆုံး အာဖဂန်စစ်ပွဲ အဆုံးသတ်လေပြီ

ကဘူး၊ သြဂုတ်-၃၁-၂၀၂၁
မျိုးဆက်(VOM)
 
အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်ရဲ့ နောက်ဆုံးစစ်လေယာဉ်ဟာ မြို့တော်ကဘူးလေဆိပ်ကနေ ဒီကနေ့သြဂုတ် ၃၁ ရက်မှာ ထွက်ခွာခဲ့ပြီး အာဖဂန်မှာ အမေရိကန်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေအားလုံး အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။
 
အမေရိကန်ရဲ့ နောက်ဆုံးလေယာဉ်ဖြစ်တဲ့ စီ-၁၇ လေယာဉ်ဟာ အာဖဂန်ဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့ အခြားသူတွေကို တင်ဆောင်ပြီး ကဘူးလေဆိပ်ကနေ ထွက်ခွာသွားပြီဖြစ်ကြောင်း အမေရိကန်ရဲ့ ဒေသတွင်းစစ်ဘက်ထိပ်တန်းတာ၀န်ရှိသူ ဗိုလ်ချုပ်ကြီး ကန်နက်မက်ကန်ဇီကပြောပါတယ်။
 
နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ အာဖဂန်ကနေ မထွက်ခွာနိုင်သူတွေကို သံတမန်ရေးရာ ကူညီမှုတွေ လုပ်ဆောင်ပေးမယ်လို့ သူကဆိုပါတယ်။
 
အမေရိကန်ရဲ့ နောက်ဆုံးလေယာဉ်ထွက်ခွာသွားချိန်မှာတော့ တာလီဘန်တို့က သေနတ်တွေပစ်ဖောက်ပြီး အောင်ပွဲခံခဲ့ကြပါတယ်။
 
အမေရိကန်ရဲ့နောက်ဆုံးလေယာဉ်ကဘူးလေဆိပ်ကနေ ထွက်ခွာသွားတာဟာ အာဖဂန်မှာ အမေရိကန်ရဲ့ အကြာရှည်ဆုံးစစ်ပွဲအဆုံးသတ်လိုက်တာဖြစ်သလို နိုင်ငံကိုတာလီဘန်တို့ထိန်းချုပ်ပြီးနောက် သြဂုတ် ၁၄ ရက်မှာ စတင်ခဲ့တဲ့ ကယ်ဆယ်ရေးအစီအစဉ်တွေလည်း ဆုံးခန်းတိုင်ပြီဖြစ်ပါတယ်။
 
အာဖဂန်မှာ အမေရိကန်ရဲ့စစ်ရေးလှုပ်ရှားမှုတွေပြီးဆုံးသွားပြီဖြစ်ပြီး သံတမန်ရေးရာ ကဏ္ဍသစ်တစ်ခု စတင်ပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ပြောပါတယ်။
 
အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက လေယာဉ်တွေဟာပျမ်းမျှအားဖြင့် နေ့စဉ် အရပ်သား ၇၅၀၀ ကျော်ကို ကယ်တင်ခဲ့ပြီး စုစုပေါင်း ၁၂၃၀၀၀ ဦးကိုကယ်တင်နိုင်ခဲ့တယ်လို့ ဗိုလ်ချုပ်ကြီး မက်ကန်ဇီက ပြောပါတယ်။
 
Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ကဘူး

Related posts

Leave a Comment

VOM News

FREE
VIEW