ဆိုင်ကယ်စစ်ဆေးဖို့ တားချိန် ရပ်မပေးလို့ သေနတ်နဲ့ ပစ်ပြီးဖမ်းတဲ့ အရေအတွက်များလာ

စက်တင်ဘာ ၅ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ လမ်းသွားလမ်းလာ လူတချို့ကို စစ်သားနဲ့ ရဲတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေးဖို့ တားတဲ့အခါ အတားခံရတဲ့ ဆိုင်ကယ်တွေက ရပ်မပေးပဲ မောင်းနှင်ထွက်ပြေးတဲ့အတွက် သေနတ်နဲ့ပစ်ပြီး ဖမ်းဆီးနေတဲ့ ဖြစ်စဥ်တွေဟာ အခုလ ၅ ရက်အတွင်း ဖြစ်ပွားမှု အကြိမ်ရေ သိသိသာသာတိုးလာနေတယ်လို့ နိုင်ငံရေးလေ့လာ အကဲခတ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ပြီးခဲ့တဲ့ သြဂုတ်လထဲက အဲ့ဒီလို ဖြစ်စဥ်တွေ ရှိခဲ့တယ် ၊ ဒါပေမယ့် ဖြစ်ပွားမှု အကြိမ်ရေ နည်းတယ် ၊ အခု စက်တင်ဘာထဲမှာ မြို့နယ်တိုင်း နေရာတိုင်းမှာလို ဖြစ်နေတဲ့အတွက် ဖြစ်ပွားမှု အရေအတွက်က တိုးလာနေတာဖြစ်တယ် ” လို့ စစ်ကိုင်းတိုင်းအခြေစိုက် နိုင်ငံရေးလေ့လာသူ သုတေသန ပညာရှင် တစ်ယောက်က ပြောပါတယ်။
 
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မုံရွာ ပုသိမ် ကားလမ်းမှာ အခုလ ၃ ရက်ည ၈ နာရီက ရွှေတောင်ဦး ကုန်းလတ်ကနေ ကွေ့ချောင်းရွာဘက်ကို မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို စစ်မှုထမ်းဟောင်းဂိတ်က ရပ်ခိုင်းတာ မရပ်လို့ဆိုပြီးသေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တာရှိခဲ့ပါတယ်။
 
အဲ့ဒီ ပစ်ခတ်မှုမှာ ဆိုင်ကယ်စီးလာတဲ့ ကို
နေအောင်ထွန်း ခေါ် ကိုရဲဇော် ဆိုသူရဲ့ ဘယ်ဘက်ခြေထောက် ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ် အဝိုင်းပတ်နေရာမှာလည် အလာတူ ဖြစ်စဥ်မျိုး ဖြစ်ပွားခဲ့လို့ ဆိုင်ကယ်စီးလာသူ ကိုသန်နိုင်စိုး နဲ့ လမင်းကို ဆိုသူ ၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ် ။
 
အဲ့ဒီနောက် ကသာမြို့ အမှတ် ၃ ရပ်ကွက် ၊ မဟာလေးထပ်ကျောင်းအနီးမှာ အခုလ ၃ ရက်နေ့ ညနေပိုင်း ၂ နာရီဝန်းကျင်က အလားတူ ပစ်ခတ်မှုမျိုး ဖြစ်တဲ့အတွက် ဆိုင်ကယ်စီးလာတဲ့သူ ကသာမြို့ အမှတ် ၃ ရပ်ကွက်နေ ဦးခင်မောင်တင့် ရဲ့ နောက်ကျော် ယာဘက်လက်ပြင်နေရာ ကျည်ဆံ ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
 
” အင်တာနက် လူမှုကွန်ရက်တွေမှာ စစ်သားနဲ့ ရဲတွေက လမ်းသွား လမ်းလာ လူတွေရဲ့ ဖုန်းတွေကို ယူစစ်တယ် ၊ ဖမ်းတယ် ၊ ရိုက်တယ် ဆိုပြီး ရေးထားကြတော့ ၊ ဖတ်မိတဲ့ လူတွေက အစစ်ဆေးခံဖို့ တားတဲ့အခါ ရပ်မပေးရဲတော့ပဲ မောင်းပြေးကြတော့ ပစ်ခတ်ခြင်းကို ခံရတာမျိုးဖြစ်တယ် ” လို့ နိုင်ငံရေး သုတေသီ ဦးမောင်မောင်စိုး (သလ္လာမြေ)က ပြောပြပါတယ်။
 
ဒါ့အပြင် အဲ့ဒီ ပစ်ခတ် ဖမ်းဆီးတာတွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း ကောင်စီရုံး တာဝန်ရှိသူ တစ်ဦးက ” ပြည်သူ့ဘဝ လုံခြုံရေးအတွက် တာဝန်ရှိသူတွေ ရပ်တန့်ခိုင်းတာကို အသာတကြည် ရပ်တန့်ပေးရင် ပစ်ခတ် ဖမ်းစရာ အကြောင်းမရှိဘူး ၊ မရပ်ပဲ မောင်းပြေးတဲ့အခါ ရပ်တန့်ပေးဖို့ ခြောက်လှန့် တဲ့ သဘောနဲ့ ပစ်တာပါ ” လို့ ပြောပါတယ်။
 
စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ အဲ့ဒီလို ပစ်ခတ်ဖမ်းဆီးတာတွေကြောင့် အခုလ ၅ ရက်အတွင်း လူ ၁ဝ ဦးထက်မနည်း ဒဏ်ရာရပြီး ၂ ဒါဇင်မကရှိတယ်လို့ လေ့လာ အကဲခတ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
#voiceofmyanmar #VOM #စစ်ဆေးချိန်ရပ်မပေးလို့ပစ်ခတ်

Related posts

Leave a Comment

VOM News

FREE
VIEW