ဂန့်ဂေါ ကလေး ကားလမ်းဘက်က ရွာတချို့မှာ တိုက်ပွဲဖြစ်လို့ နှစ်ဖက်ကျဆုံးမှုရှိ

စက်တင်ဘာ ၊ ၁၀ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မကွေးတိုင်း ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ဂန့်ဂေါ ကလေး ကားလမ်းဘက်ရွာတွေမှာ မနေ့ စက်တင်ဘာ ၉ ရက် ညနေပိုင်းက စစ်တပ်နဲ့ အရပ်သား လက်နက်ကိုင်တွေ ပစ်ခတ်မှုတွေကြောင့် သေဆုံးဒဏ်ရာရသူတွေရှိတယ်လို့ ဂန့်ဂေါမြောက်ပိုင်းမှာရှိတဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
အဲ့ဒီ ၂ ဖက် ပစ်ခတ်မှုဖြစ်ပွားတဲ့ နေရာတွေနဲ့ နီးကပ်စွာရှိတဲ့ တောင်ခင်ရန်းရွာခံ တစ်ယောက်က
 
” စစ်သားတွေက ကင်းလှည့်လာတယ် ၊ အဲ့ဒါကို ၉ ရက် ၉ လ 99 တိုက်ပွဲဆိုပြီး ရွာဘက်က ကလေးတွေက မိုင်းဖောက်ခွဲပြီး ပစ်ခတ်တာတွေ လုပ်တယ် ၊ အဲ့ဒီမှာ ၂ ဖက် ပစ်ခတ်မှုတွေ နေ့ခင်း ၁ နာရီနောက်ပိုင်း စဖြစ်တယ် ၊ နေရာက သာလင်းရွာနဲ့ မြင်သားရွာကို ဖောက်ထားတဲ့ မြစ်သာမြစ်ကူး တံတား အရှေ့ဘက် အခြမ်း မြင်သားရွာအဝင်နားမှာဖြစ်ကြတာ ” လို့ ပြောပါတယ်။
 
မြင်သားရွာခံ တစ်ယောက်ပြောပြတာကတော့
 
” ဒီည ၈ နာရီအထိတော့ သေဆုံးသူ အရေအတွက်က ၁၆ ယောက်ရှိသွားပြီ
အခုချိန်ထိတော့ အလောင်းပြန်မရသေးဘူး ၊ ဒဏ်ရာရတဲ့သူတွေလည် များတယ်လို့ ကြားထားရတယ် ၊ အခုဟာ လူစုကွဲပြီး အကုန်တိမ်းရှောင်နေကြတော့ အရေအတွက် စာရင်း အတိအကျ မရနိုင်သေဘူး ” လို့ ပြောပါတယ်။
 
အဲ့ဒီ ပစ်ခတ်မှု အခြေအနေတွေကို သိလိုတာကြောင့် ဂန့်ဂေါ ခရိုင် ကောင်စီရုံးကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တစ်ဦးက
 
” နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့ လုံခြုံရေးအဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်တာ သာလင်းနဲ့ မြင်သား ရွာတွေဘက်မှာဖြစ်တယ် ၊ နယ်မြေရှင်းလင်းရေး အဖွဲ့တွေရဲ့ လမ်းကြောင်းကို မိုင်းထောင် ဖောက်ခွဲပြီး ပစ်ခတ်တာတွေ စလုပ်တဲ့အတွက် ရှင်းလင်း ပစ်ခတ်တဲ့ အခြေအနေဖြစ်တယ် ၊ အသေအပျောက်တွေရှိတယ် ” လို့ပဲဖြေကြားပါတယ်။
 
အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေအပြောအရ စစ်တပ်ဖက်က တပ်သား တစ်ဦးသေဆုံးခဲ့ရပြီး အရပ်သား လက်နက်ကိုင်တွေဘက်က ရုပ်အလောင်း ၁၆ လောင်းရထားတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ အခုလ ၇ ရက်နေ့ည ၁၀ နာရီ ဝန်းကျင်ကလည်း ဂန့်ဂေါမြို့ရဲ့ အရှေ့နောင်ဘက် ဂန့်ဂေါ ထီးလင်း ကားလမ်း ပျားရွာအနားမှာ ကင်းလှည့်နေတဲ့ ရဲအဖွဲ့တွေနဲ့ အရပ်သား လက်နက်ကိုင်အဖွဲ့တွေ အပြန်အလှန် ပစ်ခတ်ကြတာ ရှိခဲ့ပါသေးတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးပတ်ထဲက ဂန့်ဂေါ ကလေး ကားလမ်း ခပဲ့ချောင်းအနီး ကင်းလှည့်လာတဲ့ ရဲတွေနဲ့ အရပ်သား လက်နက်ကိုင်အဖွဲ့တွေ ပစ်ခတ်ကြလို့ အရပ်သား ၂ ယောက်ဟာ သေနတ် ၁ လက်နဲ့အတူ သေဆုံးခဲ့တာရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
 
#voiceofmyanmar #VOM #ဂန့်ဂေါ

Related posts

Leave a Comment

VOM News

FREE
VIEW