“အလွမ်းမြေ့မြေ့ တောင်သမန်နေ့ရက်တွေ”

သွေး (စစ်ကိုင်း)

စာပေချစ်မြတ်နိုးသူ အတော်များများဟာ တောင်လေးလုံးကျောင်းတိုက်မှာ ကျင်းပတဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ မွေးနေ့ပွဲကို တစ်နှစ် မဟုတ် တစ်နှစ် တက်ရောက်ဖြစ်တတ်ကြပါတယ်။

ဆရာမကြီးရဲ့ မွေးနေ့ကို နှစ်စဉ် နိုဝင်ဘာ ၂၉ ရက်နေ့မှာ ကျင်းပတာ ဖြစ်သလို ‘အညာ’ နဲ့ ‘အကြေ’ က စာရေးဆရာတွေ၊ ကဗျာဆရာတွေ ဆုံစည်းကြတဲ့ပွဲ ဆိုရင်လည်း မမှားပါဘူး။ ဖိတ်စာနဲ့ တကူးတကန့် ဖိတ်ကြားပြုလုပ်တဲ့ပွဲမဟုတ်ပေမယ့် ရောက်လာကြသူတွေမှာ တူညီတာ တစ်ခုကတော့ ‘အမေမာ’ လို့ ခေါ်ကြတဲ့ လူထုဒေါ်အမာကို လေးစားချစ်ခင်မှု ရှိကြတာပါပဲ။

မန္တလေးမြို့မှာ ဖန်တီးမှုအားကောင်းတဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီ၊ ပန်းပု၊ သဘင်၊ ဂီတ စတဲ့အနုပညာရှင်တွေ အများကြီးရှိတဲ့မြို့ဖြစ်တဲ့အပြင် မြန်မာနောက်ဆုံးမင်းဆက် နန်းစိုက်ခဲ့ရာမြို့၊ အစဉ်အလာကြီးမားတဲ့ မန္တလေးတက္ကသိုလ် ရှိရာမြို့၊ လူထုဘက်က ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တဲ့ လူထုသတင်းစာထုတ်ဝေခဲ့ရာမြို့လည်း ဖြစ်ပါတယ်။

အမရပူရမြို့နယ်ထဲက တောင်လေးလုံး ကျောင်းတိုက်၊ တောင်သမန်အင်း၊ ဦးပိန်တံတားနဲ့ မယ်ဇယ်တန်းတို့ဟာ စာပေချစ်သူတွေ ဆုံစည်းကြတဲ့ နေရာတွေပါပဲ။
ကဗျာဆရာကြီး တင်မိုး၊ သတင်းစာဆရာကြီး လူထုဦးစိန်ဝင်း၊
စာရေးဆရာမကြီး ခင်နှင်းယုတို့ကို ဆုံတွေ့ခွင့်ရခဲ့တာ လူထုဒေါ်အမာရဲ့ မွေးနေ့တစ်ခုမှာဆိုတာ ကောင်းကောင်းမှတ်မိနေပါတယ်။

ကျွန်မဇာတိ စစ်ကိုင်းနဲ့ အမရပူရဟာ နီးနီးလေးဖြစ်တာကြောင့် နိုဝင်ဘာ ၂၉ ရက်နေ့ ဆိုတာနဲ့ မနက် ၈ နာရီဝန်းကျင်မှာပဲ ကျွန်မဟာ တောင်လေးလုံးကျောင်းတိုက်ကို ရောက်နှင့်နေပါပြီ။ မွေးနေ့ အခမ်းအနား မစခင်မှာ ဆရာတော် ဦးပညာကို ဖူးတွေ့ပါတယ်။ တောင်သမန် အင်းစောင်းနားက “သူငယ်ချင်း” ဆိုတဲ့ လက်ဖက်ရည်ဆိုင်လေးမှာ ထိုင်ရင်း လက်ဖက်ရည် သောက်သူက သောက်၊ အစား စားသူက စား၊
စကားဖောင်လောက်အောင် ပြောသူက ပြောနဲ့ ‘ဆောင်းစ’ နေခြည်အောက်မှာ အင်းပြင်ကို ဖြတ်တိုက်လာတဲ့ လေပြေညင်းကို ခံစားရင်း နွေးထွေး အေးချမ်းနေပါတော့တယ်။ အဲ့ဒီ လက်ဖက်ရည်ဆိုင်လေးကို ဖွင့်လှစ်ထားသူကလည်း စာရေးဆရာတစ်ယောက်ဖြစ်တဲ့ ဆရာမင်းစောပါ။

အမေမာရဲ့ မွေးနေ့ပွဲအမှတ်တရ စကားပြောကြသူတွေထဲမှာ ကျွန်မ ပြန်ပြီး သတိရမိသလောက်ဆိုရင် တော်ဘုရားလေး အောင်ဇေ၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်)၊ လမင်းတစ်ရာ မောင်မြတ်မှိုင်း၊ ကဗျာဆရာကြီး အံ့မောင်တို့ ပါဝင်ကြပါတယ်။

ရပ်ဝေး ရပ်နီးက ရောက်လာသူတွေကို နာမည်ကျော် ဝက်ကသည်းဟင်း၊ ဘူးသီးကြော်၊ ကုလားပဲနှပ်တို့နဲ့ လူထုမိသားစုက ဧည့်ခံကျွေးမွေးတာလည်း မှတ်မိနေဆဲပါ။ ဝက်သား မစားသူတွေအတွက် အရသာ ကောင်းမွန်လှတဲ့ ဘူးသီးကြော်၊ ကုလားပဲနှပ်တွေ စီစဉ်ပေးထားပါတယ်။ အခမ်းအနားပြီးရင် တောင်သမန်အင်းဆောင်းက မယ်ဇယ်တန်းဟာ စာချစ်သူတွေနဲ့ ခြေရာထပ်မျှ စည်ကားနေပါပြီ။

စားသောက်ဆိုင်တွေမှာ ဝိုင်းဖွဲ့ထိုင်ကြသလို ကဗျာဆရာတချို့က ဦးပိန်တံတားပေါ်မှာ ကဗျာတွေကို မာန်ပါပါရွတ်ဆိုကြတယ်လေ။ ကဗျာဆရာ ကိုငြိမ်း (မန္တလေး) ရဲ့ ကဗျာရွတ်သံဆိုဟာ အင်မတန်မှ အားမာန် ပါပါတယ်။

မကွေး၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ မြစ်သား၊ ရှမ်းပြည်နယ်၊ ရန်ကုန် စတဲ့ မြို့နယ်အစုံစုံက ကဗျာဆရာတွေနဲ့ မန္တလေးက ကဗျာဆရာတွေ အားလုံးဟာ “ကဗျာ” ဆိုတဲ့ ရင်ခုန်သံတူညီတဲ့ ဆုံမှတ်တစ်ခုတည်းမှာ
စုစည်းသွားကြတာလို့ ခံစားမိပါတယ်။

စာရေးဆရာ၊ ကဗျာဆရာ အချင်းချင်း အမှတ်တရ စကားတွေလည်း မှတ်စုစာအုပ်မှာ အပြန်အလှန် ရေးပေးကြ၊ လိပ်စာတွေပေး၊ ဖုန်းနံပါတ်တွေ ဖလှယ်ကြနဲ့ ကြည်နူးချမ်းမြစရာ အခိုက်အတန့်ကို ချစ်ခင်ရင်းနှီး လေးစားတန်ဖိုးထားမှုတွေနဲ့ ဖြတ်သန်းကြတဲ့ အချိန်ကာလလေးပါပဲ။ ဒီလို အချိန်တွေကို နှစ်စဉ်ပြန်ရဖို့ ကျွန်မ ရန်ကုန်ကို ပြောင်းရွှေ့နေထိုင်လာပြီးတဲ့ နောက်ပိုင်းမှာလည်း နိုဝင်ဘာ ၂၉ ရက် အမှီ စစ်ကိုင်းကို ပြန်ပါတယ်။ ၂၀၀၈ ခုနှစ် ဧပြီ ၇ ရက်နေ့မှာတော့ ‘အမေမာ’ ကွယ်လွန်ဆုံးပါးတဲ့ သတင်းကို ရန်ကုန်ကနေ ကြားသိခဲ့ရပါတယ်။

တန်ဖိုးကြီးလှတဲ့ စာရေးဆရာမကြီး တစ်ယောက် ဆုံးရှုံးမှုအတွက် အလွန်နှမြောတသ ဖြစ်ရသလို ‘မွေးနေ့ပွဲ မရှိတော့ဘူး ထင်ပါရဲ့’ ဆိုပြီး ဝမ်းနည်းခဲ့ရပါတယ်။

နောက်ပိုင်းနှစ်တွေမှာ ‘အမေမာ’ မရှိတော့ပေမယ့် မွေးနေ့အမှတ်တရပွဲကို တောင်လေးလုံး ကျောင်းတိုက်မှာ မိသားစုက ဆက်လက်ကျင်းပပါတယ်။ ဆရာသိုက်ထွန်းသက်၊ ဆရာညီပုလေးတို့ အပါအဝင် မန္တလေးက အထင်ကရ စာရေးဆရာတွေနဲ့ တွေ့ခွင့်ရခဲ့တဲ့ ရက်စွဲတွေက ဘဝမှာ အမှတ်တရာပါ။

၂၀၁၆ ခုနှစ် မေလမှာတော့ ဆရာတော် ဦးပညာ ပျံလွန်တော်မူခဲ့ပါတယ်။ ကိုပညာ(အမရပူရ) ကလောင်အမည်နဲ့ ရေးသားခဲ့တဲ့ စာအုပ်တွေထဲမှာ “တောင်သမန်ဝန်းကျင် သမိုင်းဝင်နေရာများ” စာအုပ်က ထင်ရှားသလို အမျိုးသားစာပေဆုရခဲ့တဲ့ စာအုပ်ပါ။ တောင်လေးလုံး ကျောင်းတိုက်ကိုရောက်တိုင်း ဆရာတော် ဦးပညာကို သတိရမိသလို
‘အမေမာ့’ကိုပါ လွမ်းရတာပါ။

ကျွန်မဆီမှာ လူထုဒေါ်အမာရဲ့ မွေးနေ့ အမှတ်တရဖွဲ့ထားတဲ့ ကဗျာလေးတွေကို လက်လှမ်းမီသမျှ သိမ်းဆည်းထားပါတယ်။ အဲ့ဒီလို သိမ်းဆည်းထားတဲ့ ကဗျာတွေထဲမှာ ၂၀၀၃ ခုနှစ်က အမေမာရဲ့ ၈၈ နှစ်ပြည့် မွေးနေ့အမှတ်တရ ကဗျာလေးတွေက တစ်မျိုးတစ်ဖုံ ချစ်စရာကောင်းနေပါတယ်။

ဆရာမင်းခက်နွယ် (ပလိပ်) ရဲ့ “ဂန္ထဝင်နှင်းဆီ” ကဗျာလေးကို ဖော်ပြချင်ပါတယ်။

“ဂန္ထဝင်နှင်းဆီ”
ဇရာကို အံတုရင်း
ဘဝ၊ ဓန စီးချင်းထိုးသူတွေကြားထဲ
နှင်းဆီတစ်ပွင့် လန်းလန်းစွင့်လို့…၊
မယ်ဇယ်နံ့တွေရဲ့ ဂုဏ်တင်မှုက
သူ့မျက်နှာ ဖွေးဖွေးပေါ်မှာ
ဝင်းပနေရဲ့။
သော့သော့နှင်လိုက်တိုင်း
ရှည်လျားလှတဲ့ ဆံကေသာနောက်
ဦးစီးလိုက်ပါရသလိုမျိုး
‘အမေ့ ရှေးစကား’ က ပျံ့လွင့်
လူထုအတွက် အလင်းရောင်
နှင်းပွင့်များရဲ့ ဥသျှောင်
ယဉ်ကျေးမှု မြို့ပြရဲ့
ဂန္ထဝင်တွေထဲက ကျောက်စာတိုင်
တုနှိုင်းစရာ မရှိတဲ့ “ကဗျာ”
အဲဒီမှာ လမင်းတစ်ရာ သာလို့ပေါ့။
အမေ့အပေါ် ကဗျာဆရာရဲ့ လေးစား, ကြည်ညို, ချစ်ခင်မှုကို ပေါ်လွင်နေသလို ကလျာမဂ္ဂဇင်းမှာ လစဉ်ဖတ်ရှုခဲ့ရတဲ့ “အမေ့ ရှေးစကား” စာစုလေးတွေကိုပါ ပြန်လည်အမှတ်ရမိစေပါတယ်။

တကယ်တော့ မန္တလေးဟာ အနုပညာသမားတွေအတွက် ရေခံမြေခံကောင်းတဲ့ မြို့ကြီးဖြစ်သလို ‘Unison’ (ယူနီစန်)လက်ဖက်ရည်ဆိုင်နဲ့ ‘မန်းရတနာ’ လက်ဖက်ရည်ဆိုင်တွေမှာ ကဗျာဆရာ၊ စာရေးဆရာတွေနဲ့ ဆုံတွေ့စကားပြောခဲ့တဲ့ ရက်စွဲတွေက လွမ်းစရာပါ။

‘လူထု’ စာအုပ်တိုက်ကိုသွားရင် ဘာသာပြန် စာရေးဆရာ‘ညီစေမင်း’ ကို တွေ့ရမှာ ဖြစ်သလို သိမ်မွေ့နူးညံ့တဲ့ အပြုံးနဲ့ ပြုံးနေတတ်တဲ့ ဆရာ ‘ညီပုလေး’ ကို တွေ့ရမှာပါ။ ဝတ္ထုတို အရေးအဖွဲ့မှာရော ကဗျာမှာပါ ဖန်တီးမှုအားကောင်းတဲ့ ဆရာ ‘ပိုင်စိုးဝေ’ နဲ့ မန္တလေး ခွဲမရတာကိုလည်း တစ်ဆက်တည်း မှတ်မိနေပါတယ်။

မန္တလေးတက္ကသိုလ်မှာ တက်ရောက်ခဲ့စဉ်က ကျွန်မဟာ ဝါသနာတူ သူငယ်ချင်းတွေနဲ့ တွဲပြီး ကဗျာစာအုပ်တွေ ထုတ်ခဲ့ဖူးပါတယ်။ ပိတောက်ပွင့်သစ် မဂ္ဂဇင်းမှာ အက်ဆေးတစ်ပုဒ်ပါလာတော့ ဆရာ ‘ခင်အောင်ဝင့်’ဆီသွားပြီး စာမူခ ထုတ်ခဲ့ရတာလည်း မမေ့နိုင်အောင်ပါ။
မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ် တက်တုန်းက ခင်မင်ခဲ့ရတဲ့ ‘ကိုမော်မင်းသန်း’၊ ဆရာ ‘မောင်သင်းခိုင်’ တို့နဲ့ ၂၀၁၆ ခုနှစ်က တောင်လေးလုံး ကျောင်းတိုက်က ‘အမေမာ့’ မွေးနေ့ အမှတ်တရပွဲမှာ တွေ့ဆုံခဲ့တာကိုလည်း ပြန်သတိရမိပါတယ်။

ကိုဗစ် ၁၉ ရဲ့ တတိယလှိုင်းမှာ ဆရာ ‘သိုက်ထွန်းသက်’၊ ဆရာ ‘ညီစေမင်း’၊ ‘ကိုမော်မင်းသန်း’၊ ဆရာ‘မောင်သင်းခိုင်’ တို့ ကွယ်လွန်ခဲ့ရပါပြီ။ ဆရာ‘ကိုငြိမ်း (မန္တလေး)’ နဲ့ ဆရာ‘ပိုင်စိုးဝေ’ တို့လည်း ကိုဗစ်မတိုင်မီက ဆုံးပါးသွားခဲ့ကြပါပြီ။

တကယ်တမ်း ပြောရရင် မန္တလေးနဲ့ တောင်သမန်ဟာ ကျွန်မအတွက် အမှတ်တရတွေ အများကြီးပါ။ လေးစားချစ်ခင်ရသူတွေနဲ့ တွေ့ဆုံခွင့်ရခဲ့တာကအစ အနုပညာကို စွဲနစ်, ခိုင်မာစွာ ရပ်တည် ယုံကြည်စေတဲ့ တွန်းအားတွေရစေခဲ့တာ အဆုံးပေါ့။ အခုတော့ သတိရစိတ်နဲ့ အတူ အလွမ်းမြေ့မြေ့တွေ မစဲနိုင်အောင်ပါပဲလေ။

ထင်မှတ်မထားတဲ့ အခြေအနေ အမျိုးမျိုးကြားမှာ ‘အမေမာ့’ အမှတ်တရပွဲတွေ နှစ်တိုင်းကျင်းပနိုင်မလား၊ တောင်သမန်အင်းက လေညင်းသွဲ့သွဲ့နဲ့ အတူ မယ်ဇယ်တန်းမှာ ကဗျာရွတ်သံတွေ ပြန်ကြားရဦးမလား လို့ မျှော်လင့်နေမိသလို လောကရဲ့‘မမြဲခြင်း’ကိုပါ ဆင်ခြင်မိပါတယ်။ မတည်မြဲတဲ့ လောကကြီးထဲကနေ ထွက်ခွာသွားကြပေမယ့် ပြည်သူချစ်တဲ့ အနုပညာရှင်တွေရဲ့ ‘ဂုဏ်သိက္ခာ’နဲ့ အနုပညာလက်ရာတွေကတော့ ထာဝရရှင်သန်, ကျန်ရစ်နေဦးမှာပါလို့ တွေးနေမိပါတော့တယ်။

#voiceofmyanmar #VOM #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW