လောက်ကိုင်မှာ stay at home လိုက်နာဖို့ ပျက်ကွက်သူတွေကို ဖမ်းဆီး

စက်တင်ဘာ ၊ ၁၃ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လောက်ကိုင်မြို့နယ်မှာ လူတွေကို ပေါ်တာဆွဲပြီး တိုက်ပွဲဖြစ်နေတဲ့ ရှေ့တန်းစစ်မြေပြင်တွေဆီ ပို့ဆောင်နေတယ်ဆိုတာ သတင်းမှားဖြစ်ပြီး stay at home မလိုက်နာသူတွေကို ဖမ်းတာဖြစ်ကြောင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ကိုဗစ်ရောဂါ အရေးပေါ်တုန့်ပြန်ထိန်းချုပ် ကာကွယ်ကုသရေး ကော်မတီက ဒီကနေ့ မှာ ငြင်းဆိုလိုက်တယ်လို့ သိရပါတယ်။
 
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ကိုဗစ်ရောဂါ အရေးပေါ်တုန့်ပြန် ထိန်းချုပ် ကာကွယ်ရေး ကော်မတီအဖွဲ့ဝင် တာဝန်ရှိသူ တစ်ဦး ပြောတာက
 
” Stay at home စည်းကမ်းမလိုက်နာပဲ သွားလာနေတဲ့သူ လူ ၂၉ ယောက်ကို ၇ ရက်နေ့က ဖမ်းတယ် ၊ ၈ ရက်နေ့ကျတော့
၃၅ ယောက်ကို ထပ်ဖမ်းတယ် ၊ ဖမ်းတာက ကိုဗစ်ရောဂါ တုန့်ပြန်ရေးအဖွဲ့က ဖမ်းခဲ့တာ ၊ အဖမ်းခံရတဲ့သူတွေကို ကျန်းမာရေး စောင့်ကြည့် စစ်ဆေးခံဖို့ နဲ့ ရောဂါ ရှိ မရှိ ရှာဖွေ စစ်ဆေးဖို့ ရန်လုံကျိုင် ဟိုဖျင်းချိန် ကွာရန်တင်း စင်တာမှာ ထားတယ် ၊ အဲ့ဒါကို ပေါ်တာဆွဲပြီး စစ်ဖြစ်တဲ့ဆီကို ပို့နေတာလို့ ပြောကြတာ ၊ ဒါဟာ လုံးဝ မဟုတ်ဘူး၊ ဖမ်းထားတဲ့ လူ ၆၀ ကျော်ကိုလည်း ခံဝန်လက်မှတ်ထိုးပြီး ပြန်လွှတ်ပေးလိုက်တယ် ” လို့ ဖြစ်ပါတယ်။
 
လောက်ကိုင်မြို့ကို ရောက်ရှိနေတဲ့ ကားသမားတစ်ယောက်ကတော့ ဖမ်းဆီးတာ်ဆိုတာကြောင့် သူတို့ထိတ်လန့်နေရတယ်လို့ဆိုပါတယ်။
 
.” ဒီရက်ပိုင်း လောက်ကိုင်းမှာ နေ့ခင်းအချိန်သွားလာနေတဲ့ လူတွေကိုဖမ်းတယ် ၊ အဖမ်းခံထားရသူ ၆၀ ကျော်ရှိနေတာပါ ၊ ဘာကြောင့် ဖမ်းတယ်ဆိုတာ မသိရသေးဘူး ၊ အရင်တုန်းက ပေါ်တာဆွဲတဲ့ ပုံစံမျိုးလို ဖမ်းနေတာဆိုတော့ အားလုံးက စိုးရိမ်တာနဲ့ ထိတ်လန့်တာတွေဖြစ်နေတယ် ” လို့ပြောပါတယ်။
 
ကိုးကန့်ဒေသဟာ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ ရှိပြီး ကိုဗစ်ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းတွေကို တင်းကြပ်စွာ ဆောင်ရွက်နေတဲ့ ဒေသဖြစ်တာမို့ စက်တင်ဘာ ၁၃ ရက် ဒီကနေ့ကစပြီး နေအိမ်တွင်း နေထိုင်ခြင်း အစီအစဥ် လိုက်နာဖို့ ပျက်ကွက်သူတဲ့သူ မှန်သမျှကို ဖမ်းဆီးပြီး ကွာရန်တင်းစင်တာမှာ ၁၄ ရက်အပြည့် ထားသွားမှာဖြစ်တယ်လို့ ကိုဗစ်ထိန်းချုပ်ရေးကော်မတီက ပြောပါတယ်။
 
အဲ့ဒီလို ဆောင်ရွက်နေတဲ့ကြားက လောက်ကိုင်မှာ မနေ့ စက်တင်ဘာ ၁၂ ရက်နေ့အထိ ကိုဗစ်ရောဂါ ဓာတ်ခွဲပိုးတွေ့ အတည်ပြုလူနာ ၃၉၀၀ ဦးနဲ့ သေဆုံးသူ ၁၃ ဦးအထိ ရှိခဲ့တယ်လို့ ကိုဗစ်ရောဂါ အရေးပေါ် တုန့်ပြန်ရေး ကော်မတီရဲ့ ကိန်းဂဏန်တွေအရ သိရပါတယ်။
 
#voiceofmyanmar #vom #လောက်ကိုင်
 
ပုံစာ ၊ လောက်ကိုင်မှာ stay at home လိုက်နာဖို့ ပျက်ကွက်သူတွေကို ဖမ်းနေတဲ့ မြင်ကွင်း

Related posts

Leave a Comment

VOM News

FREE
VIEW