ခါးလေးသေးမှ ယဉ်တစ်ကိုယ်မယ်

—————————————–
ဆူးငှက်

၁၉၄၂ ခုနှစ်၊ ဧပြီ ၃ရက် (၁၃၀၃ ခုနှစ်၊ တန်ခူးလဆုတ် ၄ရက်၊ သောကြာနေ့) နံနက် ၁၁နာရီအချိန်မှာ ဂျပန်လေယာဉ်အစင်း ၈၀ခန့်က တစ်မြို့လုံး ပိုက်စိပ်တိုက် ဗုံးကြဲလိုက်တာနှင့် အပျော်များကို ရုတ်ခြည်း သွန်မှောက်လိုက်ပြီး တုန်လှုပ်ခြောက်ခြားဖွယ် အနိဋ္ဌာရုံများ ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာပါတော့တယ်။

အစဉ်အဆက် ကိုယ့်ဥခွံကျဉ်းကျဉ်းလေးထဲမှာပဲ ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ် ပျော်ပျော်နေတတ်တဲ့ မန္တလေးသူ၊ မန္တလေးသားများအဖို့ ဂျပန်လေတပ်ကြီး ချီတက်တာကိုပဲ ကောင်းကင်ဘား ဆပ်ကပ်ပြလေသလား ထင်မှတ်မှားပြီး လက်ခုပ်လက်ဝါးတီးကာ ပျော်ပျော်ကြီး ကြည့်ကြရာက မှန်းချက်နဲ့နှမ်းထွက် မကိုက်ဘဲ မီးလောင်ဗုံးတွေ စက်သေနတ်တွေနဲ့ ဒလစပ်ပစ်ခတ်ပါမှ “တကယ် ပစ်တာဟ၊ တကယ်ပစ်တာဟ၊ ပြေးကြဟ၊ ရှောင်ကြဟ”လို့အော်ဟစ်ပုန်းအောင်းကြလို့ သေလိုက်ကြတာကလည်း သောက်သောက်လဲတဲ့။

ဒီလိုနဲ့မေလ ၁ရက် (၁၃၀၄ ခုနှ၊ ကဆုန်လဆုတ် ၃ရက်၊ သောကြာနေ့) မှာ ဂျပန်တွေ မန္တလေး တစ်မြို့လုံး သိမ်းပိုက်ပါတော့တယ်။

စစ်ရဲ့ အနိဋ္ဌာရုံကို သုံးနှစ်သုံးမိုးမျှသေကွဲကွဲကြ၊ ရှင်ကွဲကွဲကြနဲ့ နဖူးတွေ့ဩဒူးတွေ့ခံစားကြရပြီး ၁၉၄၅ ခု၊ မတ်လ ၂၁ရက် (၁၃၀၆ ခု၊ တန်ခူးလဆန်း ၉ ရက်၊ဗုဒ္ဗဟူးနေ့)မှပဲ ဂျပန်လက်အောက်က မန္တလေးမြို့ကြီး လွတ်မြောက်ခဲ့ပြီး… အရပ်ရှစ်မျက်နှာ ထွက်ပြေးကြတဲ့
မန္တလေးသူ မန္တလေးသားတွေ “ပြည်တော်ဝင်”ဝင်ကြတာ မဟုတ်ပါလား …။

စစ်ကြီးပြီးပေမယ့် စစ်ဒဏ်ရာဒဏ်ချက်က နှလုံး သည်းပွတ်ကို ဆွဲကိုင်လှုပ်ရမ်းခံစားစေတော့ … မိမဲ့၊ ဖမဲ့၊ အလုပ်မဲ့၊ အကိုင်မဲ့၊ အိုးမဲ့၊ အိမ်မဲ့ဖြစ်ကြရတော့ ပညာမဲ့၊ ဉာဏ်မဲ့၊ အသိမဲ့ကြတာ မဆန်းပါဘူး။ ဒီတော့ စစ်ကြီးအပြီး မန္တလေးမှာ လူငယ် လူရွယ် လူလတ် ကျား၊မ မဟူ စစ်တပ်တွေ ပျက်စီးကုန်ပါပြီ။

ရွှံ့ထဲဗွက်ထဲ၊ ရေထဲမှာ အိုးမဲ့အိမ်မဲ့ဖြစ်ကြပေမယ့် အဝတ်အစား၊ အပျော်အပါးက မလျော့ကြပါဘူး။ ပိုဆိုးတာက အလောင်းအစား၊ အသောက်အစားတွေပါ ပိုကဲလာတာမျိုးပါ။ မန္တလေးသူ ကုမ္မာရီလေးတွေကလည်း အလုပ်မရှိ၊ စားစရာ မရှိသာဖြစ်တာ ညနေစောင်းတာနဲ့နူတ်ခမ်းနီ ပါးနီဆိုး အဝတ်အစားအပြိုင်ဝတ်ပြီး ဓာတ်ရှင်သွားကြ၊ ပွဲလမ်းသွားကြတော့တာပါပဲ …။ အပျော်အပါးနောက်က ငွေကြေးက
ဖဝါးခြေရာထပ်မလိုက်နိုင်တော့ လွယ်ကူတဲ့ငွေရှာလမ်းတွေဆီ ရောက်ကြတော့တာပါပဲ။

မန္တလေးသား လုလင်ပျိုများကလည်း စစ်တပ်တွေဆီက ကျန်ရစ်ခဲ့တဲ့င်ငံခြား အရက်မျိုးစုံသောက်၊ ဘိန်းရှူ၊ အပျော်အပါးလိုက်၊ လောင်းကစားဝိုင်းထဲ အချိန်ကုန်ကြလေတော့ လူတွေလည်းရှူနာ ရှိုက်ကုန်း
ခါးချိသာခွေယိုင်ဖြစ်လို့ပေါ့။

ကိုင်းဗျာ … ဒီကိုကို၊ ဒီမမတွေနဲ့ဘယ်နှယ့်လုပ်ပြီး တိုင်းပြည်လွတ်လပ်ရေး ဆောင်ရွက်နိုင်မှာတုံး။
“ဒို့လူလေးများ ဆိုသလေ” ဆိုရင် အရက်ဆိုင်၊ ဖဲဝိုင်းနဲ့ပြည့်တန်ဆာအိမ်တွေထဲက “တော်သလိုရော်သလို ကြည့်လုပ်ကြတာပေါ့” ဆိုတဲ့ညောင်နာနာအသံတွေပဲ ထွက်လာမှာမဟုတ်လား။ ဒီတော့
အမြော်အမြင်ရှိတဲ့ မြို့မိမြို့ဖတွေ၊ ပညာရှင်ကြီးတွေ ခေါင်းချင်းဆိုင်ကြရတော့တယ်။ “ဒီပုံစံနဲ့ဆိုရင် မလွယ်ဘူး မောင်ရေ့” ဆိုတာမျိုးပေါ့လေ။

ကိုင်း …. ဒီလူငယ်တွေကို အဲဒီဆိုင်၊ အဲဒီဝိုင်း၊ အဲဒီအိမ်တွေက ဆွဲထုတ်ရမယ်။ ပထမဆုံး သူတို့စိတ်ဓာတ်တွေပြင်ရမယ်။ နီးစပ်ရာ ရပ်ကွက်တိုင်း အသင်းအဖွဲ့၊ အစည်းအရုံးတွေ ဖွဲ့စည်းပြီး ကျား၊မ ဟူသမျှ ကာယဗလ လိုက်စားပြီး အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေးအဆင့်ကိုဆောင်ရွက်ကြရမယ်။ ဒါမှသာ လွတ်လပ်ရေး တိုက်ပွဲအတွက် “ပုခုံးနဲ့လက်ပြင်၊ကြာချင်ကသံချောင်း”ဖြစ်တော့မှာပေါ့ ဆိုပြီး …
၁၉၄၅ခု၊ ဒီဇင်ဘာလ ၂၉ရက် (၁၃၀၇ခု၊ နတ်တော်လဆုတ် ၁၀ရက်၊ စနေနေ့)မှာ “အထက်ဗမာနိုင်ငံ၊ ကိုယ်လက်ကျန်းမာရေးအသင်းကြီး၏ ကာယဗလပြပွဲ” ကို မန္တလေးမြို့လယ် ၈၂လမ်းနှင့်
၈၃လမ်းကြား၊ ၃၁လမ်းနှင့် ၃၁လမ်းကြားက နေသူရိန်ဇာတ်ရုံကြီးမှာ ကျင်းပခဲ့တယ်။

မန္တလေးထုံးစံအတိုင်း ဆိုင်းနဲ့ဝိုင်းနဲ့၊ အဆိုနဲ့အကနဲ့၊ ကဇာတ်နဲ့ပြဇာတ်နဲ့ပါပဲ။ ထုံးစံအတိုင်း မြို့မငြိမ်းတို့ ဦးရင်လေးတို့ ဦးစီးပြီး မြို့မတီးဝိုင်းနဲ့ပါပဲ။ တီးဝိုင်းနားမည်ကိုတော့ “ကရဝိက်(သ)မြူးဆစ်” နဲ့ “ညှင်းတွဲ့တွဲ့” တီးဝိုင်းလို့ တစ်ပိုင်းစီမှာ နာမည်ပေးခဲ့တယ်။

ပထမပိုင်းအစီအစဉ်ရဲ့ ပဏာမအဖြစ် “အိုလံပစ်” ဆိုတဲ့သီချင်းကို တီးမှုတ်တယ်။ အမျိုးသားများ ကိုယ်လက်ကြံ့ခိုင်ရေးအတွက် မြို့မငြိမ်းက ရည်ရွယ်စပ်ဆိုတာပါ။ အဲဒီအချိန် ဇေယျာမောင်၊ ရွှေမန်းမောင်ဘွဲ့ရတဲ့ စစ်ကိုင်းသား ကိုလှမောင်(ရုပ်ရှင်မင်းသားဇေယျ)တို့ ကိုဘသိန်းတို့ ဦးဆောင်ပြီး ကာယဗလမောင်များ ပါဝင်တဲ့ သရုပ်ပြမှုပါ။ “အိုလံပစ်” သီချင်းက မြန်မာလေးကင်းနဲ့ ဗိန်းမောင်းသံတွေကြားရသူတိုင်း ကြက်သီးမွှေးညှင်းထစရာပေါ့။ ဒီကနေ့အထိ သီဆိုကြဆဲ သီချင်းပါပဲ။

နောက်အစီအစဉ်မှာ အခုထိ ထင်ရှားကျော်ကြားနေတဲ့ “ယဉ်တစ်ကိုယ်မယ်” သီချင်းကို ဆရာမြို့မငြိမ်းက ရေးစပ်ပေးခဲ့တယ်။ ““သန်မာထွားကျိုင်းပြီး ကမ္ဘာသူအလယ် လျှောက်သွားမယ် အလွန်တင့်တယ်…””ဆိုတဲ့ သီချင်းပါ။ ဒီသီချင်းနဲ့ ကိုယ်ဟန်ပြသူက နေရှင်နယ်ကျောင်းအုပ်ကြီး ဦးဘခင်ရဲ့သမီးဖြစ်သူ ကျောင်းသူလေး မတင်လှပါတဲ့။ မတင်လှက ဒီပွဲမှာ ရွှေမန်းမယ်ဘွဲ့လည်း ချီးမြှင့်ခံရသူပါ။ နောင်မှာ ပြတိုက်မှူးကြီးအနေနဲ့ ထင်ရှားခဲ့သူလည်းဖြစ်ပါတယ်။ ဒီသီချင်းရဲ့ ဒုတိယပိုဒ်မှာလည်း အလွန်ခေတ်မီလှတဲ့ ဆရာမြို့မငြိမ်းရဲ့ စကားလုံး ကပ်သီး ကပ်သပ်တွေကို တွေ့ရသေးတယ်။ ““ယဉ်မူနောင်းနွဲ့နွဲ့၊
ယဉ်တစ်ကိုယ်မယ်၊ ဟိုခေတ်ဝယ်၊ ယဉ်ကျေးတယ်၊ နူးညံ့ပျော့ပြောင်းသွယ်၊ ထွာဆိုင်လေးသစ် ငယ်၊ လူဗိုလ်ပုံလယ်၊ ထိုခါးကို၊ လေတိုးရင်၊ ကျိုးမှာလွန်စိုးတယ်…”” တဲ့။ ဆိုကြသမျှကတော့ “ထွာဆိုင်လေး
သေးငယ်…”ချည်းပါပဲ။ မိန်းကလေးတစ်ယောက်ရဲ့ စံချိန်မီအလှနဲ့ပတ်သက်ပြီး ခေတ်မီစွာ စပ်ဆိုခဲ့တာပါ။

“ထွာဆိုင်” ဆိုတာ စံမီမြန်မာ့အတိုင်းအထွာအရ ၁၈လက်မရှိရပါတယ်။ လက်လေးသစ်က ၄ လက်မပါ။ ဒီတော့ “ထွာဆိုင်လးသစ်”ဟာ ၁၈+၄=၂၂ လက်မပါပဲ။ ကျန်းမာသန်စွမ်းတဲ့ မိန်းကလေးတစ်ယောက် ရဲ့ အတိုင်းအထွာဟာ ၃၆၊ ၂၂၊ ၃၇ ဆိုတဲ့ အချိုးတဲ့ ကိုက်ညီစေတာပါပဲ။ ဒီအတိုင်းအထွာ အချိုးအစားအရ ယဉ်တစ်ကိုယ်မယ်လို့ အများငေးကြည့်လောက်အောင် လှပဖို့ဆိုရင် မြင်သာတဲ့ ၃၆တွေ ၃၇တွေသာမက ၂၂လက်မအချိုးအစားရှိတဲ့ အဆီကင်း ခါးကလေးလည်းရှိဖို့ အရေးကြီးတယ်လို့ အသိပေးလိုက်တာပါပဲ။

#voiceofmyanmar #VOM #ဆူးငှက် #ခါးလေးသေးမှယဉ်တစ်ကိုယ်မယ်

Related posts

Leave a Comment

VOM News

FREE
VIEW