ရန်ကုန်တိုင်းက (၆)မြို့နယ်မှာ ဗုံးပေါက်၊ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး လူနှစ်ဦးသေဆုံး

ရန်ကုန်၊အောက်တိုဘာ ၄-၂၀၂၁
KK(VOM)
 
ရန်ကုန်မှာ မနေ့ အောက်တိုဘာ ၃ရက်နေ့က သာကေတ၊လှိုင်သာယာ၊ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း၊သန်လျှင်မြို့နယ်နဲ့ မြောက်ဥက္ကလာမြို့နယ်တို့မှာ ဗုံးပေါက်ကွဲတာ
တွေနဲ့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့တယ်လို့ ဖြစ်စဉ်တွေဖြစ်ပွားရာ မြို့နယ်တွေကနေ သိရပါတယ်။
 
“မြောက်ဥက္ကလာပမြို့နယ်၊ ခြောက်ကွေ့ နဲ့ ဓမ္မာရုံမှတ်တိုင်အနီးမှာ မနေ့ည ၁၀ နာရီခွဲက သေနတ်ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်၊ ထိခိုက်ဒဏ်ရာရရှိတဲ့သူ ရှိ/မရှိဆိုတာ ညမထွက်ရအချိန်ကာလဖြစ်နေတဲ့အတွက် မသိရဘူး”လို့ ဌရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
 
သာကေတမြို့နယ်နဲ့လှိုင်သာယာအနောက်ပိုင်းမြို့နယ်တို့မှာ မနေ့ညပိုင်းက ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
 
လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အတွင်းပဒံကျေးရွာ၊ ရန်ကုန်-ပုသိမ်ကားလမ်းပေါ်ရှိ အိမ်ယာဝင်းဆောက်လုပ်မယ့် ခြံစည်းရိုးနားမှာ မနေ့ညပိုင်းက ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ အတွင်းပဒံကျေးရွာမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
 
သာကေတမြို့နယ်၊၃/မာန်ပြေရပ်ကွက်၊ မြင်တော်သာလမ်း၊ (၃) ဂိတ်ဟောင်းအနီး လမ်းလယ်မှာလည်း မနေ့ည ၉နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ ဒေသခံတဦးကပြောပါတယ်။
 
“သာကေတမြို့နယ်၊ ၄/မြောက်ရပ်ကွက်၊ (၉) လမ်းထိပ်၊ ရပ်ကွက်ရေကန်ဘေးကန်စောင်းမှာလည်း မနေ့ည ၇နာရီခွဲခန့်က အလက(၄)၊ ကျောင်းလုံခြုံရေးဝန်ထမ်း ဦးတင်ငြိမ်းကို အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်”လို့ သူကပြောပါတယ်။
 
ရွှေပြည်သာမြို့နယ်၊ (၄) ရပ်ကွက်၊ ပုလဲလမ်းရှိ အားကစားပစ္စည်းစက်ရုံကိုလည်း လက်လုပ်ဗုံးနဲ့ပစ်ပေါက်ခဲ့လို့
ပေါက်ကွဲမှုဖြစ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ ၄ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
 
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊အမှတ် (၉၄) ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော်၊ အေ (၁)လမ်းက လူမနေတဲ့တိုက်ခန်းတစ်ခန်းကနေ မပေါက်ကွဲသေးတဲ့ ဗုံးနှစ်လုံးကို မနေ့ နေ့လယ်ပိုင်းကစစ်တပ်နဲ့ရဲတွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
သန်လျင်မြို့နယ်၊ ဘုရားကုန်းအုပ်စု၊ ကညင်ပင်ကျေးရွာ၊ သန်လျင်-သုံးခွလမ်းမှာစျေးဝယ်ပြီးပြန်လာတဲ့ ဝေနေယျသုခလမ်းနေ ဦးအုန်းသန်းကို အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာလည်း ဖြစ်ပွားခဲ့ပါသေးတယ်။
 
အလားတူ စက်တင်ဘာ ၂ရက်နေ့ မနက်ပိုင်းကလည်း ဗဟန်းမြို့နယ်ဆရာစံရပ်ကွက်၊ စက်မှု(၁)လမ်းပေါ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ကွမ်းခြံကုန်းမြို့နယ် တော်ကူးကျေးရွာမှာတော့ ကျေးရွာအုပ်ချုပ်ရေးမှုးနဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရလို့
သေဆုံးခဲ့ပါသေးတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာ ၁ရက်နေ့လည်း ရန်ကင်းမြို့နယ်၊မင်္ဂလာဒုံမြို့နယ်၊လှိုင်သာယာမြို့နယ် ၊ဒလမြို့နယ်တွေမှာ ရင်နှီးမြှပ်နံမှုကော်မတီရုံး၊YBS 22ကားဂိတ်၊အခွန်ဦးစီးမှူးရုံးနဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #ပေါက်ကွဲပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW