စစ်ကြီးပြီးရင်…

—————
ဆူးငှက်
 
၁၉၄၂ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် ဂျပန်စစ်လေယာဉ် အစင်း ၈၀ ခန့်ဖြင့် မန္တလေးမြို့ကြီးကို ပတ်စိပ်တိုက် ဗုံးကျဲပြီးနောက် အင်္ဂလိပ်တပ်များကလည်း ဆုတ်ခွာ၊ မြို့လူထုကလည်း စစ်ပြေး၊ တစ်မြို့လုံးလည်း ဗုံးဒဏ်ကြောင့် မီးလောင်ပျက်စီးကာ တစပြင်ပမာ ကျန်ရစ်ခဲ့တော့သည်။
 
ဤသို့ဖြင့် သုံးနှစ်သုံးမိုး ဂျပန့်လက်အောက် ကျရောက်ခဲ့ကြရပြီး မြန်မာ့လွတ်လပ်ရေးတပ်မတော်နှင့် မဟာမိတ်တပ်များ ပူးပေါင်းပြီး ဖက်ဆစ်ဂျပန်ကိုတော်လှန်ကာ ၁၉၄၅ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် မန္တလေးမြို့ကို ဂျပန့်လက်မှ လွတ်မြောက်စေခဲ့၏။
 
စစ်ကြီးအပြီး တစ်မြို့လုံးနီးပါး ပျက်စီးသွားသော မန္တလေးကို ပြန်လည်ပြုပြင်ရေးကိစ္စကို အစိုးရနှင့် မြို့မိမြို့ဖများ စီစဉ်ကြရသည်။ ထို့ကြောင့် ၁၉၄၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့က အစိုးရဗိသုကာကြီးများဖြစ်သော မစ္စတာဘွတ်ရှ်နှင့် ဦးအုန်းသန်းတို့ မန္တလေးမြို့သို့ရာက်ရှိလာကြပြီး မြို့မိမြို့ဖများနှင့်တွ့ဆုံကာ မန္တလေးမြို့တော် ပြန်လည်တည်ဆောက်ရေးဆိုင်ရာများ ညှိနှိုင်းဆွးနွေးခဲ့ကြသည်။
 
ထိုဆွေးနွေးချက်များကို အခြေခံပြီး ဒီဇင်ဘာ ၃၀ ရက်နေ့ နေသူရိန် အစည်းအဝေးကြီးတွင် မြို့လူထုကြီးနှင့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြခြင်းဖြစ်သည်။
ထို ဆုံးဖြတ်ချက်များမှာ
(၁)လာကဓာတ်နည်းအားဖြင့် ပြန်လည်ထူထောင်ရေးစနစ်ကို တိုးတက်စေရန် ဗမာနိုင်ငံထူထောင်ရေး အဖွဲ့တစ်ဖွဲ့ မန္တလေးတွင် ဖွဲ့စည်းရန်။
(၂) သာသနာရေး အဆောက်အဦများနှင့် နေရာများကို မထိခိုက်စေဘဲ
တိုင်းသူပြည်သားတို့၏ လိုအပ်သော အရာများကို အခြေပြု၍ ခေတ်မီနည်းအရ မန္တလေးမြို့ကြီးကို ပြန်လည်တည်ဆောက်ရန် စသည် တို့ဖြစ်၏။
 
ထိုဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ကနဦး လုပ်ဆောင်ချက်များအနေနှင့် စိန်ပန်း၊ မင်းတဲအီကင်း စသည့် အနောက်ပိုင်း မြေနိမ့်ရေဝင်ရပ်ကွက်များကို ပြုပြင်ရန်၊ နန်းမြို့အတွင်း၌ ဆေးရုံများ၊ကျောင်းများ၊ ရုံးများ နေရာချထားရန်နှင့် ကူးသန်းရောင်းဝယ်ရေးဌာနများကို ဆိပ်ကမ်းနှင့်နီးကပ်စွာ ထားရှိရန်တို့ကိုလည်း ယာယီရေးဆွဲစီစဉ်ထားသည်ဟု ဆို၏။
 
စစ်ဘေးစစ်ဒဏ်ကြောင့် သုံးနှစ်ပတ်လုံး ပျက်စီးယိုယွင်းကာ လူသူဆိတ်ငြိမ်ခဲ့သော မန္တလေးသည် ၁၉၄၇ သို့ရာက်လာသောအခါ အရှိန်ရ လာပြီး အတော်အတန် စည်ကားလာသည်။ အထူးသဖြင့် မန္တလေးတောင်၊ မဟာမုနိဘုရားကြီးနှင့် ဈေးချိုတော်ကြီးတို့၌ ကျိတ်ကျိတ်တိုးစည်ကားလှ၏။
 
အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာကြသူများကလည်း ဈေးချိုတော်သို့ မဝင်မဖြစ် ဝင်ရောက်လာကြသည်။ အရောင်းအဝယ် ကုန်စည်အကူး အသန်းဖြင့် ဈေးချိုတော်သို့ လာရောက်ကြသူများကလည်း မဟာမုနိဘုရားကြီးနှင့် မန္တလေးတောင်သို့ မဖြစ်မနေ ဘုရားဖူးသွားကြ၏။ အင်္ဂလိပ်ကျောင်း၊ မြန်မာကျောင်းများလည်း ဖွင့်လှစ် စာသင်ကြားကြပြီဟု ဆို၏။ ဓာတ်ရှင်ရုံများ၊ ကြည့်ချင်ပွဲဇာတ်များ၊ ရုံဇာတ်ပွဲကြီးများလည်း ခင်းကျင်းကပြနေကြပြီ။
 
ကက်စဘီ ခေါ် စစ်အုပ်ချုပ်ရေး (Civil Administration Service, Burma – C.A.S.B)ကိုလည်း ၁၉၄၅ အောက်တိုဘာလ ၉ ရက်နေ့က စတင်ခဲ့ပြီး မတ်လ ၂၀ ရက်နေ့တွင် ရုပ်သိမ်းပြီးပြီ။
 
ထိုကာလအတွင်း ဇွန်လ၌ပင် မန္တလေးမြို့၌ ဖ.ဆ.ပ.လ ဆိုင်းဘုတ်ကို ဖွဲ့စည်းတင်ဆောင်နိုင်ခဲ့သည်။ ဥက္ကဋ္ဌမှာ ဆရာကြီး ဦးရာဇတ်ဖြစ်ပါ၏။ နောင်အခါ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် အစိုးရအဖွဲ့
ဖွဲ့စည်းသောအခါ ဆရာကြီးဦးရာဇတ်က ပညာရေးဝန်ကြီး အဖြစ် ခန့်ထားခြင်းခံရလေသည်။
 
ကမ္ဘာစစ်ကြီးအပြီးတွင် ဆရာကြီးဦးရာဇတ်က ၁၉၂၅ ခုနှစ်ကတည်းက တည်ထောင်ခဲ့သော မန္တလေးဥပစာကောလိပ်ကိုလည်း ပြန်လည်ဖွင့်လှစ်ရန် စိုင်းပြင်းခဲ့သည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ် ဇန်နဝါရီလသို့ရောက်သောအခါ တက္ကသိုလ်ထူထောင်ရေးအဖွဲ့(University Organization Comittee) က မန္တလေးဥပစာကာလိပ်(Mandalay Intermediate College)အမည်ဖြင့် ဒီဂရီအဆင့်အတန်းသို့ မြှင့်တင်၍ ပြန်လည်ဖွင့်လှစ်ရန် အစီရင်ခံစာကို ထောက်ခံတင်ပြခဲ့သည်။
 
ထိုထောက်ခံချက်အရ ရန်ကုန်တက္ကသိုလ် အာဏာပိုင်အဖွဲ့အစည်းက မန္တလေးတက္ကသိုလ်ကောလိပ်ကို ဖွင့်လှစ်ရန် အသေးစိတ်အစီအစဉ်များရေးဆွဲ၍ ကုန်ကျစရိတ်များပါ ပူးတွဲဖော်ပြလျက် ပညာရေးဝန်ကြီး ဦးရာဇတ်ထံ တင်ပြခဲ့ရာ ပညာရေးဝန်ကြီးက အစိုးရအဖွဲ့၏ သဘောတူညီချက်ကို ရယူခဲ့ပါသည်။
 
ဤသို့ဖြင့် ၁၉၄၇ ခုနှစ် မေလတွင် ဦးကိုလေး(ဇေယျာမောင်) အား ကျောင်းအုပ်အဖြစ် ခန့်ထားပြီး မန္တလေးတက္ကသိုလ် ကောလိပ် ဖွင့်လှစ်နိုင်ရန် မန္တလေးသို့ စေလွှတ်လိုက်၏။
 
မန္တလေးဥပစာကောလိပ်ကား အဆောက်အဦများများစားစားမရှိ။ ဤသို့ မရှိရသည့်အထဲ ပင်မအဆောက်အဦကြီးကို မဟာမိတ်တပ်များမှ အိန္ဒိယစစ်တပ်က စစ်ဆေးရုံအဖြစ် အသုံးပြုထားသည်။
 
ရတနာပုံအဆောင်ကိုလည်း ကြေးနန်းဌာနအဖြစ် အသုံးပြုထားသေး၏။ ၎င်းကြေးနန်းဌာန အဆောက်အအုံအား ၁၉၄၇ ခု ဇွန်လ ၁၅ ရက်နေ့တွင်လည်းကောင်း၊ ပင်မအဆောက်အဦကြီးအား ၁၉၄၇ ခု ဇူလိုင်လ ၁၅ ရက်နေ့များတွင်လည်းကောင်း ပြန်လည်ရရှိခဲ့ကြသည်။
 
ဤသို့ဖြင့် မန္တလေးယူနီဗာစီတီ်ကောလိပ်ကို ၁၉၄၇ ခု ဇူလိုင်လ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်နိုင်ခဲ့သည်။ ပထမနှစ် ဥပစာတန်းသို့ ကျောင်းသူကျောင်းသား ၁၀၃ ဦး စတင်တက်ရောက် သင်ကြားခဲ့ကြသည်။
 
ဒုတိယကမ္ဘာစစ်ကဲ့သို့ စစ်ကြီးဒဏ်ကို အလူးအလဲ ခံခဲ့ရပြီး ရုပ်ဝတ္ထုများသာမက စိတ်ဓာတ်များပါ ဘုံးဘုံးလဲကျ ကုန်းကောက်စရာမရှိဖြစ်ခဲ့ရသော မန္တလေးမြို့ကြီးကို ၂ နှစ်အတွင်း နလံထူရုံမက ကိုယ်ရော စိတ်ပါ ကျန်းမာ သန်စွမ်းလာအောင် မြို့ခံပညာရှင်များ၊ မြို့မိမြို့ဖများ ပူးပေါင်း၍ စီမံဆောင်ရွက်ကြမှုမှာ ကျေနပ်အားရဖွယ်ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၈၀ ဝန်းကျင်က ဖြစ်ပါ၏။
 
#voiceofmyanmar #VOM #ဆူးငှက် #စစ်ကြီးပြီးရင်

Related posts

Leave a Comment

VOM News

FREE
VIEW