နစက လက်ထက်မှာ Delta News Agency သတင်းဌာနကို သတင်းထုတ်ဝေဖြန့်ချိခွင့် ပိတ်သိမ်းပြန်

အောက်တိုဘာ ၊ ၂၄ ၊ ၂၀၂၁
VOM
 
ဧရာဝတီတိုင်း အခြေစိုက် သတင်းမီဒီယာ ဌာန တခုဖြစ်တဲ့ Delta News Agency (DNA) သတင်းဌာနကို အခုလ ၂၀ ရက် ဝန်းကျင်က ရေးသား ထုတ်ဝေဖြန့်ချီခွင့်ကို တရားဝင်ခွင့်မပြုတော့ဘူးလို့ နစက မှ အကြောင်းကြားစာပေးပို့လိုက်တယ်လို့ သိရပါတယ်။
 
DNA သတင်းဌာန အယ်ဒီတာချုပ် ကိုစိုးရ ပြောပြတာက
 
” အောက်တိုဘာ ၄ ရက်နေ့ ရက်စွဲနဲ့ ပိတ်သိမ်းကြောင်း Email နဲ့ ပို့တယ် ၊ ကျွန်တော်တို့ကတော့ လုပ်စရာရှိတာကို လွတ်မြောက်နယ်မြေကနေ ဆက်လုပ်သွားမှာပါ ၊ သတင်းဌာန ပိတ်သိမ်းတာက အဓိက မကျပါဘူး ၊ သတင်းထောက်တွေ လုံခြုံဖို့ အဓိကမို့ ဘေးကင်းတဲ့နေရာကနေ သတင်းတွေ ဆက်လုပ်သွားမှာပါ ” လို့ ပြောပါတယ်။
 
DNA သတင်းမီဒီယာဌာန ပိတ်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး နစကရဲ့ ပြန်ကြားရေး ဒုဝန်ကြီးဗိုလ်ချုပ် ဇော်မင်းထွန်း ပြောတာက
 
” အောက်တိုဘာ ၄ ရက်ကစပြီး တရားဝင် ခွင့်ပြုထားတာကို ပိတ်သိမ်းလိုက်တာပါ ၊ အဲ့ဒီအကြောင်းကို ၂၀ ရက်ဝန်းကျင်လောက်က အကြောင်းကြားထားပါတယ် ၊ ပိတ်သိမ်းရတဲ့ အကြောင်းကတော့ စည်းကမ်းတွေ မလိုက်နာလို့ ဖြစ်တယ်” လို့ ဖြေပါတယ်။
 
အခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှာ ပြည်တွင်းမှာ အခြေစိုက်တဲ့ 7 Day News ၊ Mizzima ၊ DVB ၊ Myanmar Now ၊Khit Thit Media သတင်းမီဒီယာ ဌာန ၅ ခုကို ပိတ်သိမ်းခဲ့ပြီးနောက် ၉ လအကြာမှာ Delta News Agency. DNA သတင်းမီဒီယာ ဌာနကို နစက မှ နောက်ထပ် ထပ်မံပိတ်လိုက်တာ ဖြစ်ပါတယ်။
 
ဒါ့အပြင် အခုလို ပြည်တွင်းသတင်းမီဒီယာဌာနတွေ ရေးသားထုတ်ဝေဖြန့်ချီခွင့် ပိတ်သိမ်းနေတာနဲ့ ပတ်သက်ပြီး အရင် သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်ဟောင်း တယောက် ပြောတာက
 
” သတင်းဌာနတွေကို အမှီပြုပြီး စားဝတ်နေရေး ရပ်တည်နေရတဲ့ သတင်းသမားနယ်ပယ်က မိသားစုတွေရှိတယ် ၊ သတင်းဌာန ၁ ခု ပိတ်သိမ်းလိုက်မယ်ဆိုရင် အဲ့ဒီ နောက်ကွယ်က မှီခိုနေရတဲ့ မိသားစုတွေအကုန်လုံး အတိဒုက္ခရောက်စေတယ် ၊ သတင်းဌာန ၁ ခုလုံးခြုံပြီး ပိတ်သိမ်းတာ ၊ အရေးယူတာထက် ၊ အမှားအယွင်း မကင်းတဲ့ သတင်းကို တာဝန်ခံတဲ့သူကို ညှိနှိုင်းတာ ၊ သတိပေးတာ ၊ အဆုံးအစွန်ဆုံး အရေးယူတာ လုပ်မယ်ဆိုရင် သတင်းပညာနဲ့ အသက်ဝမ်းမွေးနေတဲ့ သတင်းထောက်တွေ ၊ အယ်ဒီတာတွေအပေါ်မှာ သက်ဆိုင်ရာက ညှာတာရာရောက်စေပါတယ် ” လို့ ထောက်ပြအကြံပြုပါတယ်။
 
နစက တက်လာပြီးတဲ့နောက်ပိုင်း ခုလို တရားဝင်ထုတ်ဝေခွင့်ပိတ်သိမ်းတာရှိသလို ၊ ဖိအားအမျိုးမျိုးကြောင့် ရပ်နားလိုက်တဲ့ သတင်းဌာနတွေလည်းရှိနေပြီး တချို့ဆို လွတ်မြောက်နယ်မြေကိုပြောင်းရွှေပြီး သတင်းတွေထုတ်လွှင့်နေကြရပါတယ်။
 
#voiceofmyanmar #VOM #DNA #သတင်းဌာနထုတ်လွှင့်ခွင့်ပိတ်
 
photos – Soe Ya

Related posts

Leave a Comment

VOM News

FREE
VIEW