မန်းတောင်ပေါ် ရိုးဆီက ဖိုးခေါင်၊ ကျူးသာလှထင်

=========================
ဆူးငှက်

တကယ်တော့ မန္တလေးနှင့် မန္တလေးတောင်သည် မြတ်စွာဘုရား ဗျာဒိတ်ထားခဲ့သည်ဟု ဆိုသည်နှင့်အညီ တင့်တယ်လိုက်ဖက်လွန်းလှသည်။

ဧရာ၀တီမြစ်၏ အရှေ့ဘက်ကမ်းမှသည် ရိုးမတောင်ခြေအထိ ပျံ့ပျူးညီညာလှသော မြစ်အပြင်၀ယ် မန္တလေးတောင်တော်သည် ထီးတည်းတည်းကြားမှ
စုံ့စုံ့တက်၏။ ထိုအခါ လှပကျယ်ပြောလှသော မြစ်အပြင်အား ရှုမြင်ခံစားနိုင်ရန် မျှော်စင်ပမာ တည်ရှိပြန်သည်။

တောင်ထိပ်ဆီမှ အရှေ့ဆီမျှော်ပြန်မူ ပြာရင့်မှိုင်းရိုးမက မြင်ကွင်းကို တားဆီး၊ ကန့်သတ်အံ့ငြား ထူးထူးအံ့ဖွယ် ပုံသဏ္ဌာန်များဖြင့် ဗျိုင်းရယ်တောင်၊ ရေတံခွန်တောင်၊ ကျွဲနဖားတောင်တို့က ရင်သပ်ရှုမောစေ၏။ အနောက်ဆီမျှော်ပြန်မူ မင်းဝံတောင်ရိုးသည် တငြိမ့်ငြိမ့်စီးဆင်းသော ခြေရင်းက ဧရာ၀တီကို မမှိတ်မသုန်ရေကသိုဏ်းရှုနေပြန်သည်။တောင်ဆီမှာမူ ဟိုမှုန်ပျပျ အဝေးရေရိပ်က တောင်သမန်ရွှေအင်းဖြစ်၏။ သည်မှာဖက်မူ မုနိဖောင်တော်ဆိုက်ကပ်ရာ တက်သေးအင်းဖြစ်သည်။မြောက်ဆီမှာမူ သခင်မတောင်တော်သည် တောင်စွယ်တောင်တန်း အစွန်းမှ ပြေလျောနိမ့်ဆင်းလာ၏။ မလှမ်းမကမ်းမှာက မင်းညီနောင်၏ တောင်ပြုံးစေတီတော်။

ထိုမြင်ကွင်းကား ရတနာပုံ မင်းနေပြည် မတည်မီက တောရိပ်၊တောင်ရိပ်၊ရေရိပ်ဖြင့် အတိပြီးသော ရှုဖွယ်ရှုခင်းပေတည်း။

၁၂၂၁ ခု၊ အမရပူရမြောက်အရပ်သို့ ရွှေ့ပြောင်းကာ
ရတနာပုံ မင်းနေပြည် တည်ထောင်သောအခါတွင် မန္တလေးတောင်ခြေရင်းတွင် တစ်မျက်နှာလျှင် တာပေါင်း (၆၀၀)ဖြင့် တင့်တယ်စွာမြင်ရပြန်၏။ တောင်ခြေပတ်လည် ရှုပါဘိဦး၊ မြို့တည်နန်းတည် ခုနစ်ဌာန အ၀င်အပါဖြစ်သော မဟာအတုလဝေယန်ကျောင်းတော်၊ မဟာလောက မာရဇိန်စေတီတော်၊ သုဓမ္မာဇရပ်တော်၊ သိမ်တော် ပိဋကတ်တိုက်တော် တို့သည်လည်းမြန်မာ့ဗိသုကာ လက်စွမ်းပြလက်ရာများဖြင့် တစ်မျိုးတစ်ဘာသာစီ မူကွဲကာ ထူးခြားစွာ ပေါ်ထွန်းလာတော့၏။

ထို့ပြင် နန်းမြို့ပတ်လည် အရှေ့ပြင်၊တောင်ပြင်၊မြောက်ပြင်တို့တွင်လည်း ပြလမ်းအသွယ်သွယ်၊ တည်းခိုဇရပ်၊ ရေတွင်းရေကန်များသာမက ပရိယတ်၊ စာသင်တိုက်ကြီးများ ရာချီကာ ဆောက်လုပ်လှူဒါန်း တည်ထားခဲ့ပြန်၏။

ထိုအခါတွင်မူ နဂိုမူလကပင် လှပတင့်တယ်လှသော မန္တလေးတောင်တော်၀န်းကျင် မြေပြန့်လွင်ပြင်သည်
အလှတွင် အယဉ်ဆင့်ကာ ရှုတင့်မဆုံး ရှိခဲ့လေတော့သည်။

ပင်လယ်ရေမျက်နှာပြင်အထက် ၇၇၆ပေ၊ တောင်ခြေမြေပြင်အထက် ပေ ၅၀၀၀ မြင့်သော မန္တလေးတောင်သည် မြို့ပြကြီးအတွင်း တည်ရှိနေသော်လည်း သဘာ၀ပတ်၀န်းကျင်က ကျုံးရေ၊ စိမ့်စမ်း၊ သစ်ရိပ်၊ ဝါးရိပ်၊တောတောင် လျှိုမြောင်ဖြင့် လှချင်တိုင်း လှနေပါသည်။ ထို့ပြင် ပန်းရံ၊ ပန်းတဉ်း၊ ပန်းပု၊ ပန်းတမော့စသော ရိုးရာလက်ရာများကိုလည်း တစ်စုတစ်ဝေး ကြည့်ရှုနိုင်သောနရာလည်း ဖြစ်နေပါသည်။

ထို့ကြောင့် ရှေးကာလမှသည် ယနေ့ထက်တိုင် မန္တလေးတောင်ကို ခံစားရေးခြယ်ကြသည့် ပန်းချီကားပေါင်းလည်း မနည်းပင် ရှိနေချေ၏။ ထို့ပြင် မန္တလေးတောင်ကို
တက်ရာ၌လည်း တောင်တန်းလေးသွယ် ရှိသောကြောင့် မည်သည့်တောင်တန်းမှ တက်သည်ဖြစ်စေ၊ သဘာ၀ရှုခင်း ရှုကွက်များက မတူ၊မထပ်စေရဘဲ ခံစားနိုင်သည်လည်းဖြစ်သည်။

မန္တလေးဘက်မှလာလျှင် ပထမဦးဆုံး တိုက်ရာတောင်တော်၏ တောင်ဘက်မျက်နှာတွင် ပြင်စောင်းတန်းနှစ်သွယ်ရှိပါသည်။

ကြီးမားခံ့ထည်လှသော အုတ်အင်္ဂတေခြသေ့ကြီးနှစ်ကောင်တည်ထားသည့် စောင်းတန်းမှတက်လျှင်
သံတန်စောင်းပြာသာဒ်အခန်းပေါင်း (၃၅၆)ခန်းရှိပြီးအောက်ခြေတော်ရာ၊ အထက်ခြေတော်ရာနှင့်ပြည်လုံးချမ်းသာရပ်တော်မူဘုရားကြီးများကို စတင်ဖူးရပါသည်။ ရပ်တော်မူဘုရားကြီးကို “ရွှေရပ်တော်” ဟုလည်းခေါ်ကြပြီး ဘုရားကြီး၏ ဂန္ဓကုဋိပတ်လည်တွင်
မန္တလေးပန်ချီကျော် ဦးစောမောင်၏ နိပါတ်တော် ပန်းချီကားများရှိပါ၏။

ထို့နောက် စိုင်တမော့၊ ဗျာဒိတ်ပေး၊ ဦးခန္တီဇရပ်မှသည် နှစ်ကျပ်ရှစ်ဆူဘုရား၊ အာရုံခံဘုရား၊ခြသေ့မင်း၊ ဆင်မင်း၊ ဆတ်မင်း၊ ကြက်မင်း၊ ငုံးမင်းဘုရားများ၊ ထို့နောက် စန္ဒမုခိစေတီမှလည်း ဆုတောင်းပြည့်ဘုရားသို့ ဖူးမြော်နိုင်၏။

မန္တလေး ဘိုးဘိုးကြီး နတ်နန်းတည်ရှိသော အရှေ့ဘက်စောင်တန်းမှ တင်လျှင်မူ အတိုဆုံးဖြစ်ပြီး အခန်းပေါင်း ၂၅၀ ရှိပါသည်။ ဘိုးဘိုးကြီးနတ်နန်းမှ ဓာတ်တော်တိုက်၊ ထိုမှ ဆုတောင်းရဘုရား၊ ပြည်တော်အေးဘုရား၊ ဗျာဒိတ်ပေး၊ နဂါးရုံ၊ ဦးခန္တီဇရပ်မှတစ်ဆင့် ဆုတောင်းပြည့်ရင်ပြင်သို့ တက်ရောက်နိုင်၏။ ဤစောင်းတန်းနှစ်သွယ်မှာ ယခင်ကတည်းက လူအတက်များသည့်စာင်းတန်းများ ဖြစ်ပါသည်။

သစ်ဆိမ့်တိုက်ဘက်မှ တက်သော အနောက်ဘက်စောင်းတန်းမှာမူ ရှေးလက်ရာ အုတ်ခြင်္သေ့ဟောင်းကြီးနှစ်စီးရှိပြီး ပန်းချီဆရာ၊ ဓာတ်ပုံဆရာများ မျက်စိကျလှသောခြင်္သေ့ကြီးများဖြစ်ကြသည်။ ယခုအခါ ထိုခြင်္သေ့ကြီးများအား အသစ်ပြန်လည်ပြုပြင်ပြီးလေပြီ။

အနောက်ဘက်စောင်းတန်းသည် ဒုတိယအရှည်ဆုံးစောင်းတန်းဖြစ်ပြီး အခန်းပေါင်း (၃၈၁)ခန်းရှိပါသည်။
အနောက်ဘက်စောင်းတန်းသည် ဆုတောင်းပြည့်စေတီသို့တောက်လျှောက် တက်ရောက်နိုင်၏။ ကြားတွင် တစ်၀က်တစ်၀ဂူဘုရားတစ်ဆူ ရှိပါသည်။

စောင်းတန်းလေးသွယ် အနက် အရှည်ဆုံးစောင်းတန်းမှာ မြောက်ဘက်စောင်းတန်းဖြစ်ပြီး အခန်းပေါင်း ၉၄၂ ခန်း ရှိပါသည်။ မြောက်ဘက်ရွှေကျင်ဂိတ်ဖက် စောင်းတန်းဦးတွင် မရွှေဥနတ်နန်းရှိပါသည်။

အလောတော် အမြင့်ရှိသော မန္တလေးတောင်ကို အဆင်သင့်ပြုလုပ်ထားသော အုတ်လှေကားများအတိုင်း စောင်းတန်းလေးသွယ်မှ တက်နိုင်ရန် စီစဉ်ထားခြင်းသည် ဘုရားဖူးခြင်း၊ သဘာ၀ရှုမျှော်ခင်းများ ကြည့်ရှုခြင်းအတွက် သာမက ကျန်းမာရေးအတွက်
အလွန်ကောင်းမွန်သော အစီအစဉ်ဖြစ်ပါသည်။

ယခုအခါ တောင်တက်တေင်ဆင်းကားလမ်းကို ဖောက်လုပ်ထားပြန်သဖြင့် ထိုတောင်တက်ကားလမ်းများအတိုင်း ခြေကျင်တောင်တက်တောင်ဆင်းကို နေ့စဉ်၀တ်မပျက်ဆောင်ရွက်နေကြသူများကိုလည်း တွ့နေရပါ၏။

တကယ်တော့ မန္တလေးတောင်သည် ဘာသာရေး၊ ယဉ်ကျေးမှုတွင်သာမက လူမှုရေး၊ ကျန်းမာရေးများ အတွက်ပင် အထောက်အကူပေးနေသော အဖိုးတန်နေရာဌာနဖြစ်ပေသည်။

ဤသို့သော အမွေအနှစ်နေရာတွင် စီးပွားရေးတစ်မျက်နှာဖြင့် သဘာ၀ပတ်၀န်းကျင် ပျက်စီးစေသော ယဉ်ကျေးမှုပျက်သုဉ်းစေသော ဘာသာရေးနှင့် မလျော်ကန်လှသော ပြုဖွယ်ကိစ္စ အလုံးစုံကို မပြုလုပ်မိကြရန် ရှောင်ရှားကြရန်လည်း လိုအပ်လှပေ၏။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW