သည်တစ်ခေါက် စစ်ကိုင်းတောင်

ဆူးငှက်
“ဒီလိုလား ပျိုမဒီ . . .၊ ကြားရပါစေမည်
ငွားငွားစွင့်စွင့် ဖူးတိုင်းတင့်သည်။
ဟောဟိုတောင်မြင့်ဗွေဆီ . . .
ပုညရှင်စေတီ . . .
ကြည်ညိုရန်သွား . . . နှစ်ယောက်သား
ဆုတောင်းကြစို့လား . . .၊
ဘ၀များ၊ ရေစက် ဆုံပေမည် . . .””
(မြို့မငြိမ်း ရွှေမင်းဝံ)
 
ဘူတာဟောင်းသို့ ဆက်သွယ်ထားသော မီးရထားလမ်း၏ ဂုံးနိမ့်နိမ့်လေးအား ဖြတ်ပြီးနောက် မြင်းလှည်းသည် နောက်ထပ် ပါစင်ဂျာ မတင်တော့ . . .။ တင်စရာလည်း မလိုတော့ပေ။ ရှေ့မှာ လူနေရပ်ကွက်က ဘာမျှ မရှိ . . .။ တောရိပ်တောင်ရိပ် လွှမ်းလာ သည်။ ကတ်္တရာ လမ်းကျဉ်းကလေးဘေး . . . ဖုံထူထူ မြေလမ်းကလေးပေါ်မှာ ဆိတ်တစ်အုပ် မောင်းချင် မောင်းသွားမည်။ ချိတ်ဆေးသုတ် ထီးနီရဲရဲဆောင်းထားသည့် မယ်သီလရှင် တစ်ပါးစ နှစ်ပါးစ တွေ့မည်။ သို့မဟုတ် ပဉ္စင်းငယ် တစ်ပါးစ နှစ်ပါးစ တွေ့မည်။ ဒါပါပဲ …။
 
မြင်းလှည်းလေးက ကတ္တရာလမ်း ကျဉ်းကျဉ်းကလေးပေါ်မှာ ခြေသံမှန်မှန်ဖြင့် စည်းချကျကျ ပြေးလွှားနေတာ။ ရွှေစေတီချောင် အကျော် ကုန်းအတက်ရောက်တော့ ဖြည်းနှေးသွား၏။ တချို့ မြင်းပိန်မလေးတွေ ဆွဲသော မြင်းလှည်းများက ထိုနေရာရောက်လျှင် လူတွေ ဆင်းကြရ၏။ ထိုကုန်းအတက်လေးသည် စစ်ကိုင်းတောင်၏ ထိတွေ့မှု အစပဲ ဖြစ်ပါသည်။
 
တရုတ်စကားပင်တွေက ထူထူစိပ်လာ၏။ တရုတ်စကားရနံ့တွေ ကြိုင်ကြိုင်လှောက်လာသည်။ ငယ်ငယ်က သွားခဲ့ဖူးသော စစ်ကိုင်း တောင်ခရီးစဉ်မှ မြင်းလှည်းလေးကို သတိရနေသည်။ ဟော ကနီကွေ့တဲ။ ကနီကွေ့ဟု အမည်တွင်ရစ်စေသည့် ကနီချောင်သည် စစ်ကိုင်းတောင်ကို ကျွန်တော် ပထမဦးဆုံး ရောက်ဖူးသော ချောင်ဟု မှတ်သားထားမိသည်။ သည်တုန်းက အသက် ဘာရှိဦးမလဲ။ ရှစ်နှစ်သားလောက် ရှိမှာပေါ့။ သည်တုန်းကတော့ နေ့ချင်းပြန်ခရီး ။ တောင်ပေါ်မလည်မီ ကနီချောင်သို့ ၀င်ပြီး ဦးပဉ္စင်းင်းကြီးတစ်ပါးကို ကန်တော့ကြရသည်။
 
နောက် . . . စစ်ကိုင်းတောင်မှာ ပထမဦးဆုံး အိပ်ဖူးသည်က ပထမဂန္ဓာရုံချောင်ဖြစ်သည်။ ကနီချောင် အထက်က ဖြစ်၏။ ကျောက်စီ ကမ်းပါးယံကြီးများ ချောက်နှုတ်ခမ်း မေးတင်ဆောက်ထားသည့် ကမ္မဋ္ဌာန်း ကျောင်းငယ်။ ထို့နောက် ရေဆင်း ကျောက်နံရံဖြူဖြူ တပြန့်တပြောနှင့် ရေကန်ကျယ်။ ပထမဂန်္ဓာရုံချောင်မှာ ညအိပ်စဉ်က ကထိန်ပွဲကြီး တစ်ပွဲသို့ ကူညီညာလုပ်ကိုင်ပေးရန် လိုက်ပါရသော အဖေနှင့် လိုက်ရသည်မို့ အလုပ်ရှုပ်နေသော အဖေက ဘယ်မှ လိုက်မပို့နိုင်သောအခါ ချောင်နံဘေး စောင်းတန်းကလေးအတိုင်း အပေါ်သို့တက်ပြီး ““ဧစေတီ””လေး သို့ သွားချင်သွား။ သို့မဟုတ် အောက်သို့ ဆင်းပြီး ကနီကွေ့က မုန့်လုံးရေပေါ်တွေ စားချင်စား။ ဒါပဲဖြစ်သည်။ သွားစရာနေရာမရှိ။ အဖော်မရှိ။
 
နောက်နှစ်တွေ နောက်နှစ်တွေ ရောက်တော့ အခုလို တန်ဆောင်မုန်းလပြည့် ကထိန်ရာသီတိုင်း စစ်ကိုင်းတောင် ရောက်သော အခါ သွားစရာတွေ များလာ၏။ အဖော်တွေ များလာ၏။ သရက်ပင်ဆိပ် မြင်းလှည်းပေါ်က ဆင်းပြီး အောက်ထပ်မှာ လှေတွေ မှောက်ထား သော ခြေတံရှည်အိမ်များနှင့် နှာတဖူးဖူး မှုတ်ကာ အစာခွက် နှုတ်သီးထိုး နေကြသော နွားတင်းကုပ်တွေ အကြားအတိုင်း မြစ်ဆိပ်ဆင်းပြီး ငှက်စီးကြသည်။ ရှင်ဖြူရှင်,လှဆိပ်ဘက် ဆက်တက်ကြသည်။ စစ်ကိုင်းတောင်မှာ ပျော်စရာ ရင်ခုန်စရာ ကြည်နူးစရာတွေ တွေ့ကြုံခံစား လာရတေ့သည်။ သည်အတိုင်း လေး ငါး ဆယ်နှစ်၊ နောက် စစ်ကိုင်းတောင်ကို မရောက်ဖြစ်တော့။ အိမ်ထောင့် တာ၀န်တွေ ပိလာလို့ပဲ ဆိုကြပါစို့။ ၁၅ နှစ်ကျော် နှစ် ၂၀ နီးပါး။
 
ဟော သည်ဒီတော့ စစ်ကိုင်းတောင်သို့ ပြန်လည်ရောက်ရပြန်၏။ နေ့ချင်းပြန် ခရီးကတော့ အကြိမ်ကြိမ်။ ကထိန်ရာသီ ညအိပ်ခရီးက သွားမည့် သွားရတော့ နှစ်ကြိမ်နှစ်လီ ။ လူနေအိမ်ခြေတွေ ထူထပ်လာသော ရပ်ကွက်များက တောင်ခြေဘုန်းကြီးကျောင်း၀င်းကြီးတွေဆီ ပြေးကပ်လာကြသည်။ တောင်ခြေသို့ မြို့ထဲမှလာသည့် ကတ္တရာလမ်းလေးက အခုတော့ ဖြူးဖြောင့် ကျယ်ပြန့်။ သရက်ပင်ဆိပ်က လက်ဖက်ရည်ဆိုင်တွေမှာ သီချင်းဗွီစီဒီစက်တွေ အပြိုင်အဆိုင် ဖွင့်ထားကြသည်။ ပိုးအိစံ၏ အသံက စီစီညံနေ၏။ ““ပုစွန်ဆိတ်လေး ဘယ်လိုငယ် ပင်လယ်ကူးတတ်တယ် ” တဲ့။
 
သည်တစ်ခေါက် စစ်ကိုင်းတောင် ခရီးက ဘယ်မှ သွားစရာမရှိ။ အဖော်မရှိ။ ထို့ကြောင့် မနက်လင်းကတည်းက သရက်ပင်ဆိပ် နိုးတူးလက်ဖက်ရည်ဆိုင်က စားပွဲလေးပေါ်ထိုင်ရင်း ကထိန်ပွဲလာ ပရိသတ်ကို ငေးကြည့်နေရသည်။
 
သွားစရာမရှိ . . .။ အဖော်မရှိ . . .။ သွားစရာမရှိ . . .။ အဖော်မရှိ . . .။
××××× ×××××
 
မန္တလေးတွင် ရှေးတုန်းကတည်းက သဘာဝဘေးအန္တရာယ် ကျရောက်သည်ဖြစ်စေ၊ ကပ်ဘေးကျရောက်သည် ဖြစ်စေ၊ စစ်ဘေးအပါအ၀င် ရန်သူမျိုးငါးပါးဘေးအန်္တရာယ် ကျရောက်သည်ဖြစ်စေ၊ တိမ်းရရှောင်ရ၊ ပြေးရလွှားရ၊ ပုန်းရခိုရလျှင် မြစ်အနောက်ဘက်ကမ်း က စစ်ကိုင်းမင်းဝံတောင်ရိုးဆီဦးတည်ကြသည်။ ၁၂၇၁ ခုနှစ် ပလိပ်ရောဂါကပ်၊ ၁၂၇၃ ခုနှစ် ကိုးတာမီးဘေး၊ ၊ ၁၃၀၃ ခုနှစ် ဒုတိယကမ္ဘာစစ် စသောကပ်ဆိုးဘေးဆိုးများတွင် မန္တလေးတစ်မြို့လုံးနီးပါး မြို့ကိုစွန့်ပြီး စစ်ကိုင်းမင်းဝံ တောင်ရိုးတစ်လျှောက်ရှိဘုန်းကြီးကျောင်း၊ ချောင်၊ ဂူ၊ စေတီပုထိုးများဆီခိုလှုံရသည်။ အထူးသဖြင့် ၁၃၀၃ ခုနှစ်မှသည် ၁၃၀၆ ခုနှစ်အထိကမ္ဘာစစ် မီးတွင် စစ်ကိုင်းတောင်ရိုးသည် မန်္တလေး၏ ကျေးဇူးရှင် ဖြစ်ခဲ့သည်။ ထို့ကြောင့် စစ်ကိုင်းတောင်ရိုးကိုကျေးဇူးဆပ်သည့် အနေဖြင့် ကထိန်ပွဲမှန်သမျှ စစ်ကိုင်းမင်းဝံတောင်ရိုးမှာပဲ ခင်းကျင်း လှူဒါန်းခဲ့ကြသည်မှာ ရှေးအစဉ်အဆက်ကတည်းက ဖြစ်သည်။
 
ကထိန်ရာသီရောက်တိုင်း အထူးသဖြင့် တန်ဆောင်မုန်းလပြည့် ရောက်တိုင်း မန္တလေးတစ်မြို့လုံးစစ်ကိုင်းတောင်ရိုးပေါ် ရွှေ့ပြောင်းသွားသလားထင်မှတ်ရအောင် စစ်ကိုင်းတောင်ရိုး ပေါ်တွင် ကထိန်ပွဲများစည်ကားခဲ့ကြသည်။
 
မန္တလေးမှာ ရှေးကကပ်ရောဂါကျရောက်လေတိုင်း၊ နယ်ချဲ့စစ်၊ ပြည်တွင်းစစ်မီးအကြိမ်ကြိမ်ခလေတိုင်း ”အေးလကွယ်၊ နေကြလဟဲ့၊ စိတ်တိုင်းကျ ပျော်ပျော်နေ” ဟုခွင့်ပြုတော်မူလေသောကြောင့် စစ်ကိုင်းတောင်ရိုးရှိ သာသနာ့ရိပ်မှာချည်း ခိုလှုံခဲ့ကြရလေသည်။
 
ထို့ကြောင့် မန္တလေးက လှူဒါန်းစရာရှိတိုင်း စစ်ကိုင်းတောင်တော်ကိုချည်း ဦးထိပ်ထား ခဲ့ကြခြင်းဖြစ်ပါသည်။
 
××××× ×××××
အဲ့သည် စစ်ကိုင်းတောင်သို့ ကထိန်ကာလ ညအိပ်ခရီး ရောက်ခဲ့သည်ကပင် နှစ်၂၀နီးပါး ရှိခဲ့ပြန်ချေပြီ။
လွမ်းမြေ့မြေ့လွမ်း….။
 
#voiceofmyanmar #VOM #စစ်ကိုင်းတောင် #ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW