မုံရွာထောင်မှာ ၁ နှစ်ကျော်ကြာ ဖမ်းခံထားရတဲ့ အိန္ဒိယနိုင်ငံသား ၆ ဦးကို ပြည်နှင်ဒဏ်ပေး

နိုင်ဝင်ဘာ ၊ ၂၃ ၊ ၂၀၂၁
နှင်းဖြူဝေ (VOM)
 
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာ အကျဥ်းထောင်မှာ ၁ နှစ်ကျော်ကြာ အကျဥ်းခံနေရတဲ့ မဏိပူရ် ပြည်သူ့ လွတ်မြောက်ရေး တပ်က ဗိုလ်ကြီး ၁ ဦး အပါအဝင် အိန္ဒိယနိုင်ငံ မဏိပူရ် (ကသည်း)လူမျိုး ၆ ယောက်ကို ဒီကနေ့မှာ ပြည်နှင်ဒဏ်ပေးဖို့ ပြင်ဆင်နေတယ်လို့ မုံရွာ တရားရေး အသိုင်းအဝိုင်းကနေ သိရပါတယ်။
 
” ဗိုလ်ကြီး နော်ရာ ခေါ် Devanl အပါအဝင် သူတို့ ၆ ယောက်စလုံးက မြန်မာ အိန္ဒိယ ၂ နိုင်ငံ နယ်စပ် မဏိပူရ်ပြည်နယ် ပြည်သူ့ လွတ်မြောက်ရေးတပ် ( People Liberation Army – PLA) က ဖြစ်တယ် ၊ ၂၀၂၀ သြဂုတ် ၁၃ ရက်မှာ မုံရွာ ချင်းတွင်းမြစ်ကူး တံတားနားမှာ မူးယစ်အဖွဲ့က ဖမ်းဆီးပြီး သက်ဆိုင်ရာကို တဆင့် အပ်နှံပေးရာကနေ အခုလို အကျဥ်းကျ ချုပ်နှောင်ခံထားရတာပါ ၊ ပြီးခဲ့တဲ့ သြဂုတ် ၁၃ မှာ ၁ နှစ်ပြည့်သွားတယ် ၊ အဲ့ဒါကြောင့် သူတို့ကို ပြည်နှင်ဒဏ် ပေးတာပါ ” လို့ တရားရေးနဲ့ နီးစပ်သူ တစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် ပြည်နှင်ဒဏ်ပေးမယ်ဆိုတာနဲ့ ပတ်သက်လို့ သိလိုတာကြောင့်
စစ်ကိုင်းတိုင်း လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးရုံးကို ဆက်သွယ်မေးမြန်းတဲ့အခါ ” အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောလို့ မရဘူး ” လို့ ဖြေကြားပါတယ်။
 
ပြင်ပ သတင်းအချက်အလက်တွေအရ ပြည်နှင်ဒဏ်ပေးခံရမယ်ဆိုတဲ့ ဗိုလ်ကြီး နော်ရာ ဆိုသူဟာ သက်ဆိုင်ရာက သူ့ကိုယ် ဖမ်းဆီးချိန်က မြန်မာနိုင်ငံသား မှတ်ပုံတင် စိစစ်ရေးကဒ် တခု သိမ်းဆီးရမိတယ်လို့ သိရပါတယ် ။
 
အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး စစ်ကိုင်းမြို့ခံ တစ်ယောက်ပြောတာက ” နော်ရာက မိန်းမရှိတယ် ၊ သူ့မိန်းမက စစ်ကိုင်း ရွာထောင်ဘက်မှာနေတယ် ၊ သူတို့မိသားစုက သားသမီး ၁ ယောက်ထွန်းကားထားတယ် ၊ သူ့ကိုယ် ဖမ်းတုန်းက မြန်မာနိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ထားတယ် ၊ ၁ / မညန (နိုင်) ၁၂၉၆၉၈ ဆိုတဲ့ နံပါတ်ပေါ့ ၊ အတုလား အစစ်လားဆိုတာ လဝကမှ သိမှာပါ ၊ အဲ့ဒါကြောင့် စစ်ကိုင်း လဝက ဦးလေးမောင်က တရားလိုလုပ်ပြီး သူ့ကိုယ်တိုင်၊ ရဲစခန်းမှာ တိုင်ခဲ့တယ် ၊ အဲ့ဒီ တိုင်ချက်ကို ရဲစခန်းက (ပ) ၅ / ၂၀၂၁ ၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃ (၁) အရ အမှုဖွင့်အရေးယူထားတာ ” လို့ ဖြစ်ပါတယ် ။
 
အခုလ ၁၂ ရက်နေ့ကလည်း ငွေဒဏ်အပါအဝင် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရတဲ့ Frontier Myanmar မဂ္ဂဇင်းတိုက်က သတင်းထောက် အမေရိကန်နိုင်ငံသား Mr Danny Fenster ကိုလည်း အခုလို ပြည်နှင်ဒဏ်ပေးခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ကသည်းသူပုန်
 
ပုံစာ ၊ ၂၀၂၀ သြဂုတ် ၁၃ ရက်က မုံရွာမှာ ဖမ်းဆီးစဥ်က ပုံဟောင်း

Related posts

Leave a Comment

VOM News

FREE
VIEW