တမူးမှာ လစာငွေသယ်လာတဲ့ ရဲကား ၂ စီး သေနတ်နဲ့ပစ်ခံရ၊ ရဲ ၂ဦးနဲ့ အမျိုးသမီး ၁ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၁ -၂၀၂၁
နှင်းဖြူဝေ (VOM)
 
စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ တမူးမြို့နယ်မြောက်ပိုင်း တမူး – စေတီသွားကားပေါ်မှာ မနေ့ နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းက တမူးကနေ လစာငွေထုတ်ယူပြီး မြို့သစ်ရဲစခန်းကို ပြန်လာတဲ့ ရဲကား ၂ စီး သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် ကားပေါ်ပါလာတဲ့ ရဲ ၂ဦး နဲ့ အမျိုးသမီး ၁ဦး ဒဏ်ရာရပြီး ကားပျက်စီးမှုတွေဖြစ်ခဲ့တယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
 
တမူးခရိုင် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က “အရပ်ကား ၂ စီးနဲ့ သွားတဲ့အချိန် CRV ကား အပစ်ခံရတာပါ ၊ အဲ့ဒီ ကားပေါ်မှာပါတဲ့ ယာဥ်မောင်း ရဲတပ်ကြပ်ရဲ့ခြေသလုံး နဲ့ နောက်ကျော လက်ပြင်နားမှာ
ကျည်ဆံဖောက်ဝင် ဒဏ်ရာရတယ် ၊ အဲ့ဒီ ကားပေါ်မှာပါတဲ့ ရဲတပ်သား ၁ ယောက်နဲ့ စျေးဝယ်ဖို့ လမ်းကြုံလိုက်လာတဲ့ အမျိုးသမီး ၁ ယောက်လည်း ကျည်ထိမှန် ဒဏ်ရာရတယ် ၊ ကားကတော့ နောက်ဘီးပွင့်ထွက်တယ် ၊ ဆီတိုင်ကီ နဲ့ လေကာမှန်တွေ ကျည်ဖောက်သွားတာ၊ လစာငွေ ပိုက်ဆံတော့ ပါမသွားဘူး ” လို့ ပြောပါတယ်။
 
အဲ့ဒီပစ်ခတ်မှုကြောင့် ကား လေကာမှန်တွေကွဲပြီး ကားကိုယ်ထည် ကျည်ဆံဖောက်ဝင်တာတွေဖြစ်ခဲ့တယ်လို့ တမူးနယ်ခံတယောက်က ပြောပါတယ်။
 
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းကလည်း အခု ပစ်ခတ်မှုဖြစ်တဲ့ နေရာဝန်းကျင်မှာ ရဲတပ်ကြပ် ၂ ယောက် ပစ်သတ်ခံရပြီး အဲ့ဒီ ရဲတွေ ကိုင်ဆောင်တဲ့ သေနတ် ၂လက် ပျောက်ဆုံးခဲ့တာလည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
 
” အဲ့ဒီနေရာက လုံခြုံရေး စိတ်မချရဘူး မကြာခဏ ပစ်ခတ်ကြပြီး တိုက်ပွဲငယ်တွေဖြစ်တယ် ၊ အိန္ဒိယ နယ်စပ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ရဲတွေ ၂ ဖက် ပစ်ကြတာ “လို့ တမူးနယ်ခံတယောက်က ပြောပါတယ်။
 
လစာငွေထုတ်ပြီး ပြန်လာတဲ့ကား သေနတ်နဲ့ ပစ်ခတ်ခံရတဲ့နေရာဟာ တမူးမြို့မြောက်ဘက်နဲ့ ၁၀ မိုင်လောက်ဝေးတဲ့နေရာဖြစ်တယ်လို့လည်း သိရပါတယ်။
 
#voiceofmyanmar #VOM #တမူး #လစာသယ်လာတဲ့ရဲကား #ပစ်ခံရ #ရဲသုံးဦးဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW