လမ်းဘေးမိုင်းတွေ အန္တရာယ်ကြောင့် မုံရွာ – ကလေး လေကြောင်းလိုင်း လာမယ့် အင်္ဂါနေ့ကစလို့ တိုးချဲ့ပြေးဆွဲမယ်

ဒီဇင်ဘာ ၊ ၃ ၊ ၂၀၂၁
နှင်းဖြူဝေ (VOM)
 
လာမယ့် အင်္ဂါနေ့ကစလို့ စစ်ကိုင်းတိုင်း မုံရွာမြို့ကနေ ကလေးမြို့ကို လေကြောင်းလိုင်း စတင် တိုးချဲ့ပြေးဆွဲတော့မယ်လို့ လေယာဥ်လတ်မှတ်တွေ ကြိုတင်ရောင်းချပေးနေတဲ့ My Monywa ခရီးသွားဝန်ဆောင်မှုနဲ့ အလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှု ကုမ္မဏီဆီက သိရပါတယ်။
 
” လေကြောင်းခရီးစဥ် တိုးချဲ့ပြေးဆွဲပေးတာပါ ၊ လာမယ့် အင်္ဂါနေ့ကစလို့ အပတ်စဥ် မုံရွာ ကလေး ပြေးဆွဲပေးမှာပါ ၊ ခရီးစဥ်အတွက် လက်မှတ်ခကတော့ ၃ သောင်း ၄ ထောင်ကျပ်ကနေ ၊ ၄ သောင်း ၅ ထောင်ကျပ်အထိ ဖြစ်ပါတယ် ၊ ကွင်းချိန်း အချိန်က ညနေ ၃ နာရီနောက်ပိုင်းဖြစ်ပြီး ခရီးစဥ် ပျံသန်းချိန်က မိနစ် ၄၀ ကြာမြင့်မှာဖြစ်တယ် ” လို့ My Monywa ခရီးသွားဝန်ဆောင်မှု ကုမ္မဏီ ပိုင်ရှင် ဦးလင်းလင်းမောင်က VOM ကို ပြောပါတယ်။
 
ဒါ့အပြင် မုံရွာ ကလေး လေကြောင်း ခရီးစဥ်ကို မြန်မာ့လေကြောင်းလိုင်းက တာဝန်ယူပြေးဆွဲပေးမှာဖြစ်ပြီး လိုက်ပါမယ့် ခရီးသွားတွေအနေနဲ့ ကိုဗစ်ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းစဥ်အရ နှာခေါင်းတို့ပတ် စစ်ဆေးခံပြီးမှ လိုက်ပါခွင့်ရမှာဖြစ်ပြီး ကိုဗစ်ရောဂါ ကာကွယ်ဆေး ၂ ကြိမ် ထိုးပြီးကြောင်း လတ်မှတ်နဲ့ လိုက်ပါခွင့်မရှိဘူးလို့ သိရပါတယ်။
 
မုံရွာ ကလေး လေကြောင်း ခရီးစဥ်ဟာ ပြည်တွင်းခရီးစဥ်တွေအနက် ပထမဆုံး တိုးချဲပြေးဆွဲပေးတဲ့ ခရီးစဥ်သစ်တခုဖြစ်ပါတယ် ။
 
” မုံရွာ ကလေး ကုန်းလမ်းပိုင်းက လမ်းကြောင်း ၃ ခု ရှိတယ် ၊ မုံရွာ တန့်ဆည် ကလေးဝ ကလေး လမ်း ၊ မုံရွာ ယာကြီး ကလေးဝ ကလေး လမ်းနဲ့ မုံရွာ ဂန့်ဂေါ ကလေး လမ်းဖြစ်တယ် ၊ ရေလမ်းကြောင်းအနေနဲ့ ချင်းတွင်းမြစ်ကြောင်းအတိုင်း မုံရွာ ကလေးဝ ကလေး တချိန်က သွားလို့ရတယ် ၊ အခုတော့ အဲ့ဒီ ရေလမ်း ကုန်းလမ်းတွေက မကြာခဏ မိုင်းပေါက်ကွဲတာတွေဖြစ်ပြီး ခရီးသွား သယ်ယူပို့ဆောင်ရေး လုပ်ငန်းအားလုံး နားထားကြတယ် အဲ့ဒါကြောင့် အခုလို လေကြောင်းလိုင်း တိုးချဲ့ပြေးဆွဲပေးတာဖြစ်တယ် ” လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ လမ်းပန်း ဝန်ကြီးရုံးနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
 
ဒါ့အပြင် မုံရွာ ကလေး သွားတဲ့ကုန်းလမ်းနဲ့ ရေလမ်းတွေမှာ မကြာခဏ ဆိုသလို မိုင်းပေါက်ကွဲတာ သေနတ်နဲ့ ပစ်ခတ်ခံရတာတွေ ရှိတဲ့အတွက် ခရီးသွားလုပ်ငန်းတွေ လုံခြုံမှုတိုးမြှင့်လိုက်တာလို့ သိရပါတယ်။
 
#voieofmyanmar #VOM #ကလေးမုံရွာလေကြောင်း

Related posts

Leave a Comment

VOM News

FREE
VIEW