တရုတ်ဘက်ထဲ ဖရဲကားတွေ သွားလာနိုင်ပေမယ့် ရောင်းကွင်းထဲ မရောက်သေး

ဒီဇင်ဘာ ၅-၂၀၂၁
Shy V(VOM)
 
မြန်မာ – တရုတ်နယ်စပ် အဓိက ကုန်သွယ်ရာဂိတ်ဖြစ်တဲ့ ကျင်စန်းကျော့ကို နိုဝင်ဘာ၂၆ ရက်နေ့က ပြန်လည် ဖွင့်လှစ်ပြီးတဲ့နောက်ပိုင်း တရုတ်ဘက်ထဲကို ဖရဲကားတွေ ဝင်သွားနိုင်ပေမယ့် ရောင်းကွင်းထဲ မရောက်နိုင်သေးဘူးလို့ သစ်သီးပွဲရုံတွေနဲ့ မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်တွေဆီက သိရပါတယ်။
 
“အထဲရောက်သွားတဲ့ဟာကလည်း တရုတ်ပြည်ရဲ့အနီရောင် နယ်မြေထဲမှာပဲ ရောက်ထားသေးတာကြောင့် ပိုးသတ်ဆေးဖျန်းထားရပြီး ဂျူတီဆောင်ပြီးမှသာ ရောင်းကွင်းထဲကို ရောက်နိုင်မှာပါ၊ ဒါပေမယ့် ရောင်းကွင်းထဲကို မရောက်သေးဘူး။ မရောက်သေးတဲ့အတွက်ကြောင့်မို့လို့ ရောင်းတဲ့ ဈေးနှုန်းကလည်း မသိရသေးပါဘူးရှင့်။တရုတ်ဘက်ခြမ်းထဲကိုတော့ ၂၁ စီးပဲ ရောက်သေးတာဖြစ်ပြီး မြန်မာဘက်ခြမ်းမှာ စောင့်နေတာကတော့ အစီး ၇၀ ကျော် ၈၀ ဝန်းကျင်လောက် ရှိမယ်”လို့ စိုင်းမြင့်ဗိုလ်သစ်သီးပွဲရုံက မနန်းခမ်းခင်က ပြောပါတယ်။
 
ဝမ်တိန်ဘက်ခြမ်း ရောက်နေတဲ့ ဖရဲကားတွေဟာ တရုတ်ဘက်က ကုန်ကျမယ့်စရိတ်နဲ့ အကောက်ခွန် စနစ်ဘအပြောင်းအလဲကို စောင့်ဆိုင်းနေရတာကြောင့် ကြန့်ကြာနေပြီး အသီးရောင်းကွင်းကို မရောက်နိုင်တာဖြစ်တယ်လို့ သိရပါတယ်။
 
“တရုတ်ဖက်နဲ့ ညှိနှိုင်းနေပေမယ့် ကြာနိုင်တယ်။ အစကတည်းက ချိန်းတဲ့ကားတွေ လုံးဝအဆင်မပြေသေးဘူး စောင့်ကြည့်နေတယ်”လို့ သစ်သီးဝလံ ကုန်စည်ဒိုင် တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။
 
ကျင်းစန်းကျော့ ရွှေလွယ်အင်ကွင်းမှာ ရောက်နေတဲ့ အသီးကား ၅၀ အတွက် ခေါက်တိုကားတွေ မရသေးတာကြောင့် ၁၀၅ မိုင် အရှေ့မြောက် သစ်သီးကွင်းမှာ ရောက်နေတဲ့ သစ်သီးကားတွေ ကျင်းစန်းကျော့ဘက် ဆင်းမလာသေးဖို့ကိုလည်း သစ်သီးဝလံကုန်စည်ဒိုင်က အကြောင်းကြားထားတယ်လို့ သိရပါတယ်။
 
“ဝမ်တိန်ဖရဲကွင်းမှာ ကားရောက်လာတာ မတွေးသေးဘူး” လို့ ဝမ်တိန်ဘက်က မြန်မာကုန်ဂိတ်ပိုင်ရှင် ၁ ဦးက ပြောပါတယ်။
 
Covid-19 ကာလ ကုန်သွယ်ရေးမှာ ကျန်းမာရေးဆိုင်ရာ လမ်းပိုင်း Process ရှုပ်ထွေးမှုနဲ့ ကုန်ကျစရိတ်မြင့်မားမှု‌ကြောင့် ခက်ခဲ‌နေပြီး တရုတ်ဖက်ကလည်း မထင်မှတ်ထားတဲ့ Boder trade (နယ်စပ်ကုန်သွယ်ရေးစနစ်) ကနေ Normal trade (ပုံမှန်ကုန်သွယ်ရေးစနစ်)ကို ရုတ်ချည်းပြောင်းလဲကာ တင်ပို့ကုန်ကို Over sea (ပင်လယ်ရေကြောင်းတင်ပို့မှုစနစ်)နဲ့အခွန်ကောက်ခံနေတာဖြစ်တယ်လို့ မြန်မာလုပ်ငန်း‌ရှင်ကုန်သည်တွေဆီက သိရပါတယ်။
 
Photo – နန်းခမ်းခင်
#voiceofmyanmar #VOM #မူဆယ#ဖရဲကား

Related posts

Leave a Comment

VOM News

FREE
VIEW