လမ်းဘေးမြေမြုပ် ဆွဲမိုင်း ပေါက်လို့ ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှုး အပါအဝင် ရဲ ၂ ဦးသေ ၊ ၂ ဦး ပြင်းထန်ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၅ ၊ ၂၀၂၁
နှင်းဖြူဝေ (VOM)
 
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ တုံ(မြောက်)ကျေးရွာအနီး ညောင်ပင်ကြီး – ဆားလင်းကြီး ကားလမ်းမှာ မနေ့ ဒီဇင်ဘာ ၄ ရက် ညနေပိုင်း ၅ နာရီ ဝန်းကျင်လောက်က လမ်းဘေးထောင် မြေမြုပ်ဆွဲမိုင်း ပေါက်ကွဲတာကြောင့် ရဲမှူး ၁ ဦး အပါအဝင် ရဲ ၂ ယောက်သေဆုံးခဲ့ပြီး ရဲ ၂ ယောက်မှာ ပြင်ထန်းဒဏ်ရာတွေ ရခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ် ။
 
အဲ့ဒီ ပေါက်ကွဲ သေဆုံးတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ယင်းမာပင် ခရိုင်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တစ်ဦးပြောတာက
 
” ရဲမှူးတို့အဖွဲ့က ရွာရှည်ကနေ မှုခင်းဖြစ်ရပ် စစ်ဆေးပြီး ကား ၂ စီးနဲ့ ဆားလင်းကြီးကို ပြန်အလာ လမ်းမှာ မိုင်းမိတာပါ ၊ မြို့နယ်ရဲမှူး စီးလာတဲ့ကားက Mark ll ကားဖြစ်ပြီး အဲ့ဒီ ကားကိုမောင်းတာက ရဲအုပ် သန်းထိုက် ဖြစ်တယ် ၊ အဲ့ဒီကားပေါ်မှာက မြို့နယ်ရဲမှူး ယာယီ ရဲမှူး တင်မျိုးထွန်း ၊ ရဲအုပ် လှမင်း ၊ ရဲတပ်ကြပ်ကြီး မြင့်စန်းနဲ့ ရဲတပ်သား မျိုးလှိုင်တို့ လိုက်ပါစီးနင်းခဲ့တာ ” လို့ ဖြစ်တယ် ။
 
ဒါ့အပြင် အဲ့ဒီလူ ဆက်ပြောတာက ” ကား ၂ စီးထဲက မြို့နယ်ရဲမှူးပါလာတဲ့ကား မိုင်းထိတာပါ ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် ယာယီ ရဲမှူး တင်မျိုးထွန်း ၊ ရဲတပ်သား မျိုးလှိုင် သူတို့ ၂ ယောက်က မိုင်းစိမှန်ပြီး ကျဆုံးသွားခဲ့တယ် ၊ ရဲအုပ် လှမင်း ကတော့ နဖူးဖုယောင် ဒဏ်ရာရပြီး အသက်အန္တရာယ် စိုးရိမ်ရတယ် ၊ ရဲတပ်ကြပ်ကြီး မြင့်စန်းကတော့ လက်မောင်းနဲ့ ဦးခေါင်းပိုင်း မိုင်းစ ရှပ်ထိ ဒဏ်ရာတွေရတာ ” လို့ဖြစ်ပါတယ်။
 
စစ်ကိုင်းတိုင်းထဲက ပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် လုံခြုံရေး ရဲဝန်ထမ်းတချို့နဲ့ စစ်တပ်က ဗိုလ်မှူး ၊ ဗိုလ်ကြီး တချို့ပါ မိုင်းစထိမှန် သေဆုံးတာနဲ့ ခြေတောက် ဖြတ်တောက်ခဲ့ရတာတွေရှိပါတယ်။
 
ပြီးခဲ့တဲ့ နိုဝင်ဘာလထဲက မုံရွာခရိုင် ချောင်းဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းအောင် ၊ စစ်တပ်က ဗိုလ်မှူး ၁ ဦးနဲ့ ဗိုလ်ကြီး ၁ ဦးတို့ဟာ ချောင်းဦးမြို့ပေါ် မိုင်းရှင်းလင်းရေး လုပ်နေတဲ့အချိန် ပေါက်ကွဲမှုဖြစ်တဲ့အတွက် မြို့နယ်ရဲမှူးနဲ့ စစ်တပ်က ဗိုလ်ကြီးတို့ ၂ ယောက်သေဆုံးပြီး ဗိုလ်မှူးကတော့ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် မုံရွာခရိုင် ဘုတလင်မြို့နယ် ကူတော်ရဲကင်းစခန်းက ရဲ ၂ ယောက်ဟာလည်း အလားတူ မိုင်းရှင်းနေတဲ့အချိန် ပေါက်ကွဲလို့ ၁ ယောက်သေပြီး ကျန် ၁ ယောက် ညာခြေတောက် ဖြတ်တောက်ခဲ့ရပါသေးတယ် ၊ အဲ့ဒီဖြစ်ရပ်နဲ့ ရက်ပိုင်းအကွာ မြောင်မြို့နယ် ပရိမ္မ မြောင် ကားလမ်းအနီးမှာ မိုင်းရှင်းရင်း ပေါက်ကွဲလို့ ရဲအုပ် ၁ ယောက် နေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ဆားလင်းကြီး #မြေမြုပ်ဆွဲမိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW