တရုတ်ဘက်က ပြောင်းလဲသွားတဲ့ အခွန်စနစ်ကြောင့် ဖရဲ၊ သခွားတွေ အချိန်ကြာပြီး ပျက်စီးဆုံးရှုံးနေ

ဒီဇင်ဘာ ၈-၂၀၂၁
Shy V (VOM)
 
တရုတ်ဘက်က အခွန်စနစ် ပြောင်းလဲကောက်ခံမှုကြောင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ တရုတ်ဘက် တင်ပို့မယ့် ဖရဲ၊ သခွား ကားတွေ စောင့်ဆိုင်းနေရပြီး ကိုဗစ် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ထက် ပိုမို နှောင့်နှေးနေတာကြောင့် ပျက်စီးဆုံးရှုံးနေတယ်လို့ သစ်သီးပွဲရုံတွေနဲ့ ယဉ်မောင်း တွေဆီက သိရပါတယ်။
 
” အများစု ပျက်စီးကုန်တာ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာ ရောက်ရှိနေတဲ့ ဖရဲကား ၁၀ ရာခိုင်နှုန်းခန့် ပြန်လှည့်ဖို့ တာစူနေကြတယ်၊ ဖရဲသီးကွင်းထဲမှာ ၃၇ စီးရှိတဲ့ထဲမှာမှ ကောင်းတဲ့ဟာက ၁ စီး၊ ၂ စီးပဲ ရှိတော့တာ။ ကျန်တာ အကုန်လုံး အရည်တွေ ထွက်ကုန်ပြီ။ ၁၀၅ မိုင် သစ်သီးကုန်စည်ဒိုင် မျက်နှာချင်းဆိုင်ကွင်းထဲ ၃၇ စီး၊ နောက်ထပ် ရောက်တဲ့ ဖရဲကားတွေကို ၁၀၅ မိုင် ဖရဲရောင်းကွင်းမှာသီးသန့် ထားထားပြီး အစီး ၃၀ ဝန်းကျင် ရှိ နေပြီ၊ လွယ်အင် ကားချိန်းကွင်းမှာ အစီးရေ ၅၀ ရှိနေပြီ အဲဒီ ကားတွေအတွက် ခေါက်တိုကား ခက်နေတယ် ” လို့ ဖရဲယာဉ်မောင်း ၁ ဦး က ပြောပါတယ်။
 
တရုတ်ပြည်ထဲ ချိန်းဝင်သွားတဲ့ ဖရဲသီးကား အစီး ၂၀ ကျော် ခေါက်တိုကားတွေတောင် မနေ့ ဒီဇင်ဘာ ၇ ရက်နေ့အထိ အရောင်းဈေးကွက်ထဲ မရောက်သေးဘူးလို့ ခွာညို သစ်သီးပွဲရုံကနေ သိရပါတယ်။
 
နောက်ထပ် ဖရဲကားသမား ၁ ဦးကလည်း “မူဆယ်လေယာဉ်ကွင်းမှာလည်း ၁ လုံး ၃၀၀၀ ကျပ်၊ ၂ လုံး ယူရင် ၅၀၀၀ ကျပ်နဲ့ ရောင်းနေတာရှိတယ်၊ တရုတ်ဈေးကွက်က မသိရသေးဘူး။ ကုန်သည်တွေ ဈေးရမှ ကားသမားတွေလည်း အဆင်ပြေမှာ၊ ခေါက်တိုက ၅ စီးထဲ ရှိတယ်။ နောက်ထပ် သူတို့ ခေါ်ထားတဲ့ ကားတွေတောင် အကုန် ပြန်လွှတ်နေပြီ။ အဲဒီ အလုပ်လုပ်တဲ့ ၅ လုံးကလည်း ပဲတီစိမ်းတို့၊ ဆန်တို့ဘက်ပဲ ဦးစားပေးနေတာ။” လို့ ပြောပါတယ်။
 
ပြည်တွင်းနဲ့ ပြည်ပဈေးကွက်က အတော်လေး ကွာဟ နေတာကြောင့် အခြေအနေကို သိချင်လို့ ကိုယ်တိုင်စိုက်ပြီး လာရောက်ရောင်းချသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
 
စိုက်ခင်းပိုင်ရှင် ၁ ဦးက “ပြည်တွင်း ၁၆၅၀၀ ကီလိုဂရမ်ကို ခြံထဲရောင်းတာ သိန်း ၂၀ ပဲရတော့ ၁ ကီလိုဂရမ်ကို ၉ ယွမ် ဆိုလို့ ကား ၁ စီးကို ၁၆၅၀၀ ကီလိုဂရမ် တင်ပြီးတက် ၄ စီးပါ သီပေါကနေ တက်လာတာ။ အပယ်တွေက ဘယ်လိုထွက်မှာလဲ မသိသေးဘူး” လို့ ပြောပါတယ်။
 
အသီးကားတွေ ပိတ်မိနေတယ်လို့ အသိပေးနေပေမယ့် နေ့တိုင်း ကားအဝင်ရှိနေပြီး ရှမ်းပြည်ကနေ ဝင်လာတာပိုများနေတာကြောင့် လုပ်ရကိုင်ရ ပိုခက်သွားတာတွေလည်းရှိတယ်လို့ သိရပါတယ်။
 
“အသီး အရည်အသွေး အများကြီးကျသွားတဲ့အပြင် ပျက်စီးသွားကုန်တယ်။ ဗမာပြည်ဘက်ကလည်း အသီးက ထွက်နေပြီ။ ကွန်တိန်နာနဲ့ မဟုတ်တော့ဘဲ ရိုးရိုး ကားနဲ့ တင်ပို့ရပြီး တချိန်လုံး ပြောင်းလဲနေတဲ့ တရုတ်ဘက်က ပေါ်လစီကြောင့် တခုပြီးတခု လိုက်လုပ်ပေးနေပေမယ့်လည်း ပြည့်ပြည့်စုံစုံ မဖြစ်သေးတာနဲ့ ရောင်းကွင်းထဲကို ရောင်းခွင့် မပြုသေးတာ၊ လူမှုကွန်ယက်မှာ ထွက်ပေါ်နေတဲ့ တရုတ်ဘက် ဖရဲ ၁ ကီလိုကို ၉ ယွမ်ရတယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေပေမယ့် တရုတ်ဘက်က ပေါက်ဈေး‌ကို မသိရသေးတာကြောင့် သတင်းမှန်ရဖို့ ပွဲရုံ၊ ပွဲစား၊ တောင်သူတွေနဲ့ အဆက်အသွယ်လုပ်ပြီးမှ တက်လာသင့်တယ်၊ တောင်သူတွေလည်း မှန်တဲ့ သတင်း လိုက်နိုင်ဖို့ ပွဲရုံ၊ ပွဲစားတွေနဲ့ အဆက်အသွယ် မပြတ်ဖို့တယ် ” လို့ စိုင်းမြင့်ဗိုလ် သစ်သီးပွဲရုံက မနန်းခမ်းခင်က ပြောပါတယ်။
 
ကားချိန်းကွင်းမှာ ရောက်နေတဲ့ ဖရဲကား အစီး ၅၀ အတွက် ခေါက်တိုကား ခက်ခဲနေပြီး တရုတ်နိုင်ငံ ဘက်ထဲ ဝင်သွားတဲ့ ဖရဲကားအချို့ မနေ့ ဒီဇင်ဘာ ၇ ရက်နေ့အထိ ဈေးကွက်ကို ၁ စီးမှ မရောက်သေးဘူးလို့ သိရပါတယ်။
 
ဖရဲကုန်သည်တွေအနေနဲ့ ရွှေလွယ်အင် ကုန်ချိန်းကွင်း အထိရောက်ပြီးမှ နောက်ပြန်လှည့်ဖို့ စိတ်မကူးချင်ကြတော့ဘဲ ရပ်နား စောင့်ဆိုင်းနေရတာ ရက်ကြာနေပြီဖြစ်တဲ့အတွက် ဖရဲတွေတရုတ်နိုင်ငံဘက်ကို ဝင်ခွင့်ရဖို့ စောင့်ဆိုင်းနေရဆဲဖြစ်တယ်လို့ ခွာညိုသစ်သီးပွဲရုံကနေ သိရပါတယ်။
 
“တရုတ်ဘက်က အကောက်ခွန် စနစ်ပြောင်းလဲမှုကြောင့် ကိုဗစ် စံထက်ပိုမိုကြာမြင့်သွားပြီး အရင်ဆုံး ရောက်လာတဲ့ ဖရဲ၊ သခွားတွေ ပိုမိုပျက်စီးမှု များနေရပါတယ်။ ​အခုဖရဲတွေကဖြင့် လမ်းကြောင်းတခုအတွက် ရှေ့ထွက်အနစ်နာခံရတယ်လို့ အကောင်းမြင်ပြောရတော့မှာပါ။ ပထမဆုံးဝင်သွားတဲ့ ၂၆ စီးအုပ်စု ၂ ရက် အတွင်းပြေလည်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ နောက်ချန် ဖရဲများအတွက် ချိန်းကား အခြေအနေ စောင့်ကြည့်ရပါမယ်။” လို့ ပွဲရုံပိုင်ရှင်တဦးကပြောပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင် လ ၈ ရက်နေ့ကစ ကိုဗစ်-၁၉အကြောင်းပြချက်နဲ့ သစ်သီးနဲ့ ပင်လယ်ထွက်ကုန် အဓိကကုန်သွယ်ရာ ကျင်းစန်း‌ကျော့ဂိတ်ကို ဆေးဝါးပစ္စည်းကလွဲလို့ ပိတ်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၂၆ ရက်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။
 
Photo -STK, ခွာညို
#voiceofmyanmar #VOM #မူဆယ#ဖရဲကား #ပျက်စီးဆုံးရှုံး

Related posts

Leave a Comment

VOM News

FREE
VIEW