ပိတ်ထားတဲ့ တာချီလိတ်လေဆိပ် ဒီကနေ့မှာ ပြန်ဖွင့်

ဒီဇင်ဘာ ၁၃-၂၀၂၁
GH ( VOM )
 
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ကို Stay At Home ကနေပယ်ဖျက်ပြီးနောက် လေဆိပ်ကို ဒီနေ့ ဒီဇင်ဘာ ၁၃ မှာ ပြန်လည်ဖွင့်လှစ်ပြီး ပြေးဆွဲခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
 
တာချီလိတ်လေဆိပ်ပြန်ဖွင့်တဲ့ ဒီနေ့ကစပြီး တာချီလိတ် – ရန်ကုန်၊ တာချီလိတ် – မန္တလေး ၊ တာချီလိတ် – လားရှိုး – ဟဲဟိုး – တာချီလိတ် ခရီးစဉ်တွေကို Air Thanlwin လေကြောင်းလိုင်းနဲ့ မန်းရတနာပုံလေကြောင်းလိုင်းတွေက ပြေးဆွဲမှာဖြစ်ပြီး Air KBZ လေကြောင်းလိုင်းက ဒီဇင်ဘာ ၁၄ ရက်မှာပြေးဆွဲသွားမယ်လို့ ကြေညာထားပါတယ်။
 
” ဒီနေ့ လေကြောင်းလိုင်းတွေ စပြေးပါပြီ။ တာချီလိတ်ခရီးစဉ်အတွက်က ကာကွယ်ဆေးထိုးပြီးသားဆိုရင် ဆေးထပ်စစ်ဖို့မလိုပါဘူး။ဆေး၂ကြိမ်ထိုးပြီး ၁၄ ရက်ပြည့်ပြီးရင် ရပါတယ်။ဆေးမထိုးရသေးသူဆိုရင်တော့ ဆေးစစ်ရပါမယ်။သူတို့သတ်မှတ်ချိန်မှာဆေးစစ်မယ်ဆိုရင် အခမဲ့စစ်ပေးမယ်လို့သိရပါတယ် ” လို့ တာချီလိတ်အခြေစိုက် Air Tickets အရောင်းဝန်ဆောင်မှုလုပ်ကိုင်သူတဦးကပြောပါတယ်။
 
တာချီလိတ် လေကြောင်းခရီးစဉ် လိုက်ပါမယ့်သူတွေအနေနဲ့ COVID-19 ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံထားပြီး ၁၄ ရက်ပြည့်ပါက ကိုဗစ်ပိုးရှိ၊မရှိ Rapid Antigen Diagnostic Test RDT ထပ်မံစစ်ဆေးဖို့ မလိုဘူးလို့ သိရပါတယ်။
 
ကာကွယ်ဆေးမထိုးထားတဲ့သူတွေကို တာချီလိတ်မြို့က ဆေးရုံဟောင်းနေရာဝန်းမှာ မနက် ၉ နာရီ ကနေ နေ့လယ် ၁၂ နာရီအထိ RDT အခမဲ့စစ်ဆေးပေးမှာဖြစ်ပြီး အဲ့ဒီသတ်မှတ်အချိန်ထက် ကျော်လွန်မှ လာရောက်စစ်ဆေးသူတွေကိုတော့ ဆေးစစ်ခ ကျပ် ၁သောင်း ကောက်ခံမှာဖြစ်တယ်လို့ သိရပါတယ်။
 
တာချီလိတ်မြို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့ကစပြီး Stay at Home အဖြစ်ကနေပယ်ဖျက်လိုက်ပြီးနောက် ၂ ရက်အကြာမှာ လေဆိပ်ကို ပြန်လည်ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #တာချီလိတ် #လေဆိပ်ပြန်ဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW