တရုတ်-မြန်မာ နယ်စပ်ဖြတ်ဖို့ ခေါက်တိုငှားခ ယွမ် ၄သောင်း(မြန်မာငွေ သိန်း၁၀၀ကျော်)ထိ မြင့်တက်လာ

ဒီဇင်ဘာ ၁၄-၂၀၂၁
Shy V(VOM)
 
တရုတ် – မြန်မာနယ်စပ် ၊ တရုတ်ဘက် ဝမ်တိန် (မန့်မာ)ကနေ မြန်မာဘက် ကျင်းစန်းကျော့ (လွယ်အင်) အထိ နယ်စပ်ဖြတ်‌ကျော်ဖို့ တရုတ်ကား ခေါက်တိုငှားခ ယွမ် ၄၀,၀၀၀ (မြန်မာငွေ သိန်း ၁၀၀ ကျော်) ထိ ကုန်ကျစရိတ်တက်လာတာကြောင့် ကုမ္ပဏီကြီး မဟုတ်တဲ့ မြန်မာလုပ်ငန်းရှင်အများစု ခက်ခဲနေကြတယ်လို့ တရုတ်-မြန်မာနယ်စပ်က မြန်မာကုန်သည်၊ လုပ်ငန်းရှင်တွေဆီက သိပါရတယ်။
 
” ခြံစည်းရိုးကျော်ရုံ ဟိုဖက်ဒီဖက် ဝမ်တိန်-ကျင်စန်းကျော့ထိ တရုတ်ခေါက်တိုကားခ ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့ မှာ ယွမ် ၄၀,၀၀၀ ထိ (မြန်မာငွေ ကာလပေါက်ဈေး သိန်း ၁၀၀ ကျော်)ထိ ကားငှားခ ဈေးနှုန်းတက်လာပြီ၊ မြန်မာကားခကို ၁ သိန်းပိုပေးရတယ်”လို့ မြန်မာကုန်သည် ၁ ဦးက ပြောပါတယ်။
 
ယာဉ်မောင်း ၁ ဦးကလည်း “ကုန်သည်တွေ သေပြီပေါ့ဗျာ။ စပေါ်ငွေ တရုတ်ငွေ ယွမ် ၄၀၀၀၀ လေ။ မန္တလေး ကနေ ဖရဲတင်လာတဲ့ကား တရုတ်ထဲအရောက် သိန်း ၁၀၀ မရဘူး။ ကုန်သည်တွေ အဆင်ပြေမှ ကားသမားတွေ အဆင်ပြေမှာလေ၊ ခေါက်တိုခ ဈေးအဆမတန်မြင့်မားနေတာကြောင့် ကုန်သည်တွေ ပိုနစ်နာနေရတယ်၊ နစ်နာစရာရှိတော့ ကုန်သည်နဲ့ ပြည်သူ လူထုပဲ နစ်နာကုန်တာ” လို့ ပြောပါတယ်။
 
မြန်မာဘက်ခြမ်း ကျင်စန်းကျော့ ကုန်ချိန်းကွင်းမှာ ခေါက်တိုကား လုံလုံလောက်လောက် မရှိတာကြောင့် ခေါက်တိုကားလည်း ခက်ခဲနေတဲ့အပြင် အချိန်ကုန် ကြန့်ကြာနေရတယ်လို့ ခေါက်တိုယာဉ်မောင်းနဲ့ နီးစပ်သူတဦးကပြောပါတယ်။
 
“တွဲကား ၂ စီးက ခေါက်တိုတိုက်နေတာ။ Box အခွံ မရလို့ ရက်ကြာပြီးတိုင်ပတ်နေတယ်။ Box အခွံ ထုတ်ပေးရင် မဆိုးဘူး။ ကုမ္ပဏီက Box ၅ လုံးထဲထုတ်ပေးတာ။” လို့ သူကပြောပါတယ်။
 
ကျင်စန်းကျော့ (လွယ်အင်)ကနေ ၁၀၅ မိုင် အထိ ကုန်ကျစရိတ်က ၁၄ သိန်းကျော်ခန့် ကုန်ကျတဲ့အပြင် လမ်းကြေးတွေလည်း ရှိနေသေးတယ်လို့ နယ်စပ် ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
 
ဒီကနေ့ ဒီဇင်ဘာလ ၁၄ ရက်မှာ ထပ်တိုးလာတာကတော့ တရုတ်ထဲဝင်မယ့် ကားတွေကိုလည်း ကျန်းမာရေး ဆေးစစ်ရမယ်လို့ သိရပါတယ်။
 
ကုန်ကျစရိတ် လျှော့ပေးဖို့ ဒီဇင်ဘာ ၇ ရက်နေ့က သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ တရုတ်နယ်စပ်လုပ်ငန်းရှင်တွေ ဈေးနှုန်းညှိနှိုင်းဆွေးနွေးတာ ရှိခဲ့ပေမယ့် ဒီကနေ့ ဒီဇင်ဘာလ ၁၄ ရက်မှာတော့ ခေါက်တိုခ ယွမ် ၃၅,၀၀၀ ကနေ ယွမ် ၄ သောင်းထိ ဖြစ်သွားတာလို့ သိရပါတယ်။
 
Photo – CJ
#voiceofmyanmar #VOM #နယ်စပ်ဂိတ် #ခေါက်တိုကြေးမြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW