ကန်ပိုက်တီဂိတ် ဖွင့်မပေးသေးတာကြောင့် တစ်သျှုးငှက်ပျောကားတွေ ရာနဲ့ချီပိတ်မိနေပြီး ပျက်စီးမှုတွေရှိနေ

ဒီဇင်ဘာ ၁၆-၂၀၂၁
GH ( VOM )
 
ကချင်ပြည်နယ်၊ ကန်ပိုက်တီ ကုန်သွယ်ရေး နယ်စပ်ဂိတ်ကနေ တရုတ်ဘက်ကို တစ်သျှုးငှက်ပျော တင်ပို့ဖို့ စောင့်နေတဲ့ ကုန်တင်ကားတွေ ရာနဲ့ချီ ပြီးရှိနေတယ်လို့ ကုန်ကားမောင်းသူတွေဆီက သိရပါတယ်။
 
မကြာခင် တရုတ်နှစ်သစ်ကူး ပိတ်ရက်ကလည်းရောက်ရှိတော့မှာဖြစ်လို့ ကန်ပိုက်တီဂိတ်ကို အခုရက်ပိုင်းအတွင်း အမြန်ဆုံးဖွင့်ပေးဖို့ လိုအပ်နေကြောင်း၊လက်ရှိမှာတော့ ဂိတ်အဖွင့်ကို စောင့်ဆိုင်းရတာ ကြာမြင့်မှုနဲ့အတူ ငှက်ပျောသီးတွေ ပျက်စီးမှုရှိနေတယ်လို့ သိရပါတယ်။
 
” ကားတွေက နယ်စပ်ဂိတ်နားမှာပိတ်မိနေတာမဟုတ်ဘူး။ အလုပ်ဆိုဒ်တွေထဲမှာ ပိတ်မိနေတာ။ဂိတ်က၅ရက်နေ့ဖွင့်မယ်ဆိုတော့ ကားတွေက အကုန်တက်လာကြတယ်။ငှက်ပျောခြံတွေကလည်း ကြိုပြီးခုတ်ကြတယ်၊ တချို့ဆို ကားပေါ်အကုန်အဆင်သင့်တင်ပြီးပြီ။ကားတွေက အခုထိမထွက်ရသေးဘူး။ မကြာခင် တရုတ်နှစ်သစ်ကူးကရောက်တော့မယ်။ အခုရက်ပြန်ဖွင့်မယ်ဆိုရင်တောင် အစီအစဉ်တကျမဟုတ်ဘဲ အမြန်လုပ်ရမှာ ၊ အခြေအနေကတော့ မကောင်းဘူး။ ကားသမားရော၊ခြံစိုက်သူရော အကုန်အခက်အခဲဖြစ်မှာ ” လို့ ကန်ပိုက်တီ ကုန်ကားမောင်းသူတဦးကပြောပါတယ်။
 
ကန်ပိုက်တီနယ်စပ်ဂိတ်ကို ဒီဇင်ဘာ ၅ ရက်နေ့က ပြန်ဖွင့်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့တာကြောင့် ငှက်ပျောခြံပိုင်ရှင်တွေနဲ့ ကုန်ကားမောင်းသူတွေက လာရောက်စောင့်ဆိုင်းနေကြခြင်းဖြစ်ပေမယ့် တရုတ်ဘက်က ကိုဗစ်ကာကွယ်ရေးကိစ္စတွေ လုပ်ဆောင်နေဆဲဖြစ်လို့ ဂိတ်တွေ ပြန်ဖွင့်မယ့်ရက်ကို အတိကျမသိရသေးဘူးလို့ သိရပါတယ်။
 
” ဟိုနေ့ဖွင့်မယ် ဒီနေ့ဖွင့်မယ် ပြောနေပြီး အခုထိဂိတ်ဖွင့်မယ့်ရက် အတိကျမသိရသေးဘူး။အရင်ကပြောတော့ ၅ ရက်နေ့ကြားတယ်။ အခုထိမဖွင့်သေးဘူး။ ” လို့ ကုန်ကားမောင်းသူတဦးက ပြောပါတယ်။
 
မြန်မာ – တရုတ် နှစ်နိုင်ငံတာဝန်ရှိသူတွေကတော့ ညှိနှိုင်းမှုတွေအကြိမ်ကြိမ် ပြုလုပ်နေပြီး ဂိတ်ပြန်ဖွင့်တဲ့အခါ မြန်မာယာဉ်မောင်းအယောက် ၅၀ဝကို ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ စစ်ဆေးပြီး ကုန်တင်ယာဉ် အစီး ၅၀ဝ ကို တရုတ်နိုင်ငံကို ဝင်ရောက်ခွင့်ပြုမယ်လို့ သိရပါတယ်။
 
ကန်ပိုက်တီနယ်စပ်ဂိတ်ကို ကိုဗစ်တတိယလှိုင်းဖြစ်တဲ့ ဇူလိုင် ၁၃ ရက်နေ့မှာ စတင်ပိတ်ထားခဲ့တာဖြစ်တယ်လို့သိရပါတယ်။
 
ကန်ပိုက်တီနယ်စပ် ကုန်သွယ်ရေးဂိတ်ကနေ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏအနေနဲ့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၈၀ ဒဿမ ၈၈၆ သန်းအထိ ရှိခဲ့တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ကန်ပိုက်တီဂိတ် #တစ်သျှူးငှက်ပျာ #ပျက်စီးမှု

Related posts

Leave a Comment

VOM News

FREE
VIEW