လေးကေ့ကော်တိုက်ပွဲအတွင်း စစ်ဘေးရှောင်နဲ့ပိတ်မိသူ သုံးထောင်နီးပါးရှိ

ဒီဇင်ဘာ ၁၆-၂၀၂၁
KK(VOM)
 
ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်မှာ မနေ့ ဒီဇင်ဘာ ၁၅ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နဲ့ပိတ်မိသူ ၃၀၀၀နီးပါးရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ လေးကေ့ကော်မြို့သစ်ကို စစ်တပ်က ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ ဝင်ရောက်ကာ လွှတ်တော်ကိုယ်စားလှယ်တဦးအပါအဝင် ၆၀ဦးကို ဖမ်းဆီးခဲ့ရာမှ နှစ်ဘက်တင်းမာမှုတွေဖြစ်ပြီး တိုက်ပွဲဖြစ်ခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။
 
“KNU ဘက်က စစ်တပ်ကို နယ်မြေအတွင်းတပ်စွဲထားတာ ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ပြီးနောက် မနေ့မနက်ပိုင်း ၁၁ နာရီကျော်မှာ နှစ်ဘက်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်”လို့ သူကရှင်းပြပါတယ်။
 
လေးကေ့ကော်မြို့သစ်မှာရောက်ရှိနေသူတဦးက”တိုက်ပွဲနှစ်ကြိမ်ဖြစ်တယ် မနက်ပိုင်းနဲ့ညနေပိုင်းမှာ၊ စစ်တပ်ဘက်ဘ အမြှောက်တွေပါသုံးလာတယ်၊ ဒီဘက်က ထိုးစစ်ဆင်တော့ သူတို့ဘက်ကျဆုံးတာများတယ်၊ နှစ်ဘက်ပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင် ၂၅၀၀နီးပါး ဘေးလွှတ်ရာကို ရှောင်တိမ်းနေထိုင်နေရပြီး ပြည်သူငါးရာခန့်မှာ မြို့ထဲမှာပိတ်မိနေတယ်”လို့ ပြောပါတယ်။
 
လက်တလောမှာ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတွေ အဝတ်အထည်၊ အနွေးထည်တွေ လိုအပ်လျှက်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
#voiceofmyanmar #VOM #လေးကေ့ကော#တိုက်ပွဲ #စစ်ရှောင်သုံးထောင်နီးပါးရှိ

Related posts

Leave a Comment

VOM News

FREE
VIEW