အထက်ချင်းတွင်းဒေသမှာ ရွှေမျှောဖောင်တွေ မီးရှို့ခံရတာ များလာတဲ့အတွက် လက်လုပ်လက်စား ရွှေရှာသူတွေ အခက်တွေ့လာ

မတ် ၈-၂၀၂၂
SP(VOM)
 
စစ်ကိုင်းတိုင်း ၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့နယ် ၊ ဥရချောင်းဒေသဘက်မှာ ရွှေမျှောဖောင်တွေ မီးရှို့ခံရတာနဲ့ ရွှေတူးဖော်သူတွေ ဖမ်းဆီးခံရတာများလာပြီးနောက်ပိုင်း လက်လုပ်လက်စား ရွှေရှာသူတွေရဲ့ဘဝဟာ ခက်ခဲလာနေတယ်လို့ မှော်စိန်ရွှေလုပ်ကွက်ရှိရာ လက်တူးရွှေရှာသူတွေဆီက သိရပါတယ်။
 
” နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေက ရွှေလုပ်သားတွေကို ဖမ်းပြီး ၊ ရွှေမျှောဖောင်တွေကို မီးရှို့ဖျက်ဆီးတယ် ၊ နောက်ပြီး စက်ယန္တရားတွေကိုသိမ်းဆည်းတယ် ၊ အခုဆို မျှောဖောင်နဲ့ ရွှေရှာလို့ မရတော့ဘူး ၊ လက်လုပ် လက်စား ရွှေရှာဖို့ကစပြီး ခက်ခဲလာနေတယ် ” လို့ မှော်စိန်ရွှေမှော်ဒေသက လက်လုပ်လက်စား ရွှေလုပ်သားတယောက်ကပြောပါတယ်။
 
ရွှေမျှောဖောင်တွေ မီးရှို့တာ ၊ လုပ်သားတွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ ဟုမ္မလင်းမြို့နယ် သယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်သိမ်းရေးဌာန ၊ တာဝန်ရှိသူ တဦးက ” ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲက နယ်မြေရှင်းလင်းရေး သစ်ကြောင်းအဖွဲ့က ရွှေမျှောဖောင်တချို့ မီးရှို့ဖျက်စီးတယ် ၊ လုပ်သားတချို့ ဖမ်းဆီးတယ်ဆိုတာ တရားမဝင် လုပ်ကိုင်သူတွေအပေါ် အရေးယူတာပါ ၊ မိရိုးဖလာ ရွှေရှာနည်းနဲ့ တနိုင် တပိုင် လုပ်စားနေတဲ့သူတွေ မပါဘူး ၊ တရားဝင်ခွင့်ပြုမထားရင်တောင် ၊ ဒေသန္တရ ဓလေ့ထုံးစံအရ နားလည်ပေးထားတာ ” လို့ ပြောပါတယ်။
 
ဒါ့အပြင် တရားမဝင် ရွှေတူးဖော်နေတဲ့ လုပ်ငန်းတွေမှာ မြေပြန့်ဒေသက အကြောင်းအမျိုးမျိုးနဲ့ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင် ခိုအောင်းလာသူတချို့ရှိတာကြောင့် မျှောဖောင်တွေကိုပါ မီးရှို့ဖျက်ဆီးရတာလို့ ဆက်ပြောပါသေးတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်က ဟုမ္မလင်းမြို့နယ် ၊ မှော်စိန်ကျေးရွာနားက ရွှေလုပ်ကွက်တခုမှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့က ရွှေမျှောဖောင် ၁၆ စင်းကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ် ။
 
ဒါ့အပြင် အဲ့ဒီ နယ်မြေရှင်းလင်းရေးအဖွဲ့က ဖေဖော်ဝါရီ ၁၅ ရက်က ဟုမ္မလင်းနယ် ၊ လက်ပံသာကျေးရွာက အမျိုးသားတဦးတည်းပိုင်တဲ့ ရွှေမျှောဖောင်တွေ အပါအဝင် ရွှေမျောလုပ်ကိုင်သူ ၄ ဦးကို ဖမ်းဆီးခဲ့ပြီး သူတို့ပိုင်ဆိုင်တဲ့ ရွှေမျှောဖောင် ၅ ဖောင်နဲ့ ဆက်စပ်ပစ္စည်းတွေကို မီးရှို့ခဲ့တာ ဒုတိယအကြိမ် ထပ်ပြီး ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။
 
အဲ့ဒီနောက် ပြီးခဲ့တဲ့ လကုန်ရက်ကလည်း ကလေးဝမြို့နယ် ၊ ကျွဲနန်ရွာမြောက်ဘက်မှာ ရွှေမျှောဖောင် ၃၄ စင်းကို တတိယအကြိမ်မြောက် မီးရှို့ဖျက်ဆီးခံခဲ့ရသေးတာဖြစ်ပါတယ်။
 
အဲ့ဒါကြောင့် ပြည်တွင်းရွှေစျေးကွက် မြင့်တက်လာပေမယ့် ချင်းတွင်း အထက်ပိုင်းမှာ ရွှေရှာသူတွေ အခက်တွေ့နေရတာ ဖြစ်ပါတယ်။
 
ပုံစာ – ရွှေမျှောဖောင်တွေ မီးရှို့ဖျက်ဆီးနေပုံ
#voiceofmyanmar #VOM #ဟုမ္မလင်း #ရွှေမျှောဖောင် #ရွှေရှာသူ #အခက်တွေ့လာ

Related posts

Leave a Comment

VOM News

FREE
VIEW