ဝက်ဝံမွေးတဲ့ အမျိုးသားတဦး ဝက်ဝံနှစ်ကောင်ကိုက်သတ်ခံရလို့ သေဆုံး

ဧပြီ ၇-၂၀၂၂
KK(VOM)

တောင်ငူမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ထီးလှိုင်လမ်းမ‌အနီးမှာ ဒီကနေ့ မနက်ပိုင်းက ဝက်ဝံတွေမွေးမြူတဲ့ အမျိုးသားကို မွေးထားတဲ့ဝက်ဝံနှစ်ကောင်က ကိုက်သတ်ပြီး ပြန်စားနေလို့ သေသူကို ပြန်ထုတ်ဖို့အတွက် ဝက်ဝံနှစ်ကောင်ကို သေနတ်နဲ့ပစ်ခတ်ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တောင်ငူမြို့နယ် မြင့်မိုရ်နန်းစားသောက်ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးကိုကိုအောင်ဆိုသူက ဝက်ဝံတွေကိုယဥ်ပါးအောင်မွေးမြူထားပြီး ဒီကနေ့ မနက် ၃ နာရီမှာတော့ ဝက်ဝံနှစ်ကောင်က အရိုင်းစိတ်ဝင်ပြီး ကိုက်ကာ သေသူကိုပြန်စားနေတာကြောင့် အဲ့ဒီဝက်ဝံနှစ်ကောင်ကို သေနတ်နဲ့ပစ်ခတ်ခဲ့ကာ အလောင်းကိုထုတ်ယူခဲ့ရတယ်လို့
ဒေသခံတဦးက ပြောပါတယ်။

အရင်ရက်တွေက ဝက်ဝံတွေနဲ့အိပ်စက်တက်သူ ဦးကိုကိုအောင်ကို ဒီကနေ့မနက်ပိုင်းမှာ ဝက်ဝံနှစ်ကောင်က ကိုက်လို့ လူအင်အားနဲ့လာဖို့ သူရဲ့ဇနီးဖြစ်သူက ဖုန်းဆက်တာကြောင့် သွားရောက်ကူညီပေးခဲ့ရတယ်လို့ တောင်ငူနာရေးကူညီမှုအသင်းဥက္ကဌ ဦးလှမျိုးဝင်က VOM ကို ပြောပါတယ်။

“ဟိုရောက်တော့ ဝက်ဝံနှစ်ကောင် ခြေရင်းမှာ သူ့သခင်က သေနေပြီဗျ၊ အလောင်းကိုချက်ချင်းထုတ်လို့မရဘူး၊ တောရိုင်းတိရိစ္ဆာန်ဆိုတော့ သွေးညှီနံ့ရတော့ စားပစ်နေပြီ၊ ကျနော်တို့လည်း ဝင်မယူရဲဘူး ရဲတွေ၊တပ်တွေခေါ်ပြီး ရှင်းထုတ်ရတယ်”လို့ သူကပြောပါတယ်။

အလောင်းထုတ်ယူရာမှာ ဝက်ဝံနှစ်ကောင်က သေနေတဲ့သခင်ကို ကိုက်စားနေလို့ စစ်တပ်နဲ့ရဲကို အကူအညီတောင်းကာ ဝက်ဝံနှစ်ကောင်ကို ပစ်သတ်ပြီး အလောင်းကို ထုတ်ယူခဲ့ရတယ်လို့ နာရေးကူညီမှုအသင်းကနေ သိရပါတယ်။

သေနတ်နဲ့ပစ်ခတ်ခဲ့ရတဲ့ ဝက်ဝံနှစ်ကောင်ဟာ ဦးကိုကိုအောင် အရမ်းချစ်ရတဲ့ အီစီကွေးနဲ့ချစ်ပို အမည်ရှိတဲ့ ဝက်ဝံနှစ်ကောင်ဖြစ်ပြီး သခင်ဖြစ်သူကို ကိုက်သတ်ခဲ့တဲ့ ဝက်ဝံတွေလည်းဖြစ်တယ်လို့ ဥက္ကဋ္ဌ ဦးလှမျိုးဝင်းက ပြောပါတယ်။

လက်တလောမှာ သေဆုံးသူရဲ့ ရုပ်အလောင်းကိုရင်ခွဲရုံကနေ နာရေးကူညီမှုအသင်းက နေအိမ်ကိုပြန်လည်ထုတ်ယူလာပြီလို့လည်း သူကပြောပါတယ်။

သေဆုံးသူဦးကိုကိုအောင်ဆိုသူဟာ တိရိစ္တာန်ချစ်သူလို့ လူသိများပြီး ခွေးလေခွေးလွင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ဆောင်နေသလို ဒီကနေ့ သူကိုကိုက်သတ်ခဲ့တဲ့ အီစီကွေးနဲ့ ချစ်ပိုဆိုတဲ့ ဝက်ဝံတွေအပါအဝင် ဝက်ဝံခြောက်ကောင်ခန့် မွေးမြူထားတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #တောင်ငူ #ဝက်ဝံမွေးသူ #ဝက်ဝ့ကိုက်သတ်လို့ #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW