စစ်ကိုင်းတိုင်းမှာ သင်္ကြန်ကာလ လူ ၃၀ ကျော်ဒဏ်ရာရခဲ့ပြီး၊ လူ ၁ ဒါဇင်နီးပါး သေဆုံးခဲ့

ဧပြီ ၊ ၁၈-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်းက မြို့နယ် ၃၀ ကျော်မှာ သင်္ကြန်ကာလအတွင်း ဒဏ်ရာရသူ လူ ၃၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ပေါင်း လူ ၁ ဒါဇင်ကျော်ရှိခဲ့တယ်လို့ နယ်ခံလူမှုကူညီရေးအသင်းတွေရဲ့ လူမှုကူညီရေး မှတ်တမ်းတွေအရ သိရပါတယ်။

” အပျော်လွန်ပြီး ဆိုင်ကယ်မတော်တဆမှုကြောင့် ဒဏ်ရာရ ၊ သေဆုံးတာတွေရှိသလို ၊ ပေါက်ကွဲမှုဖြစ်စဥ်နဲ့ ပစ်ခတ်မှုဖြစ်စဥ်တွေကြောင့် ဒဏ်ရာရ သေဆုံးရခဲ့တာတွေဖြစ်တယ် ” လို့ အဲ့ဒီဖြစ်စဥ်တွေကို သွားရောက်ကူညီပေးခဲ့တဲ့ နယ်ခံပရဟိတသမားတွေက ပြောပါတယ်။

မုံရွာအခြေစိုက် လူမှုကူညီရေး အသင်းတခုရဲ့ တာဝန်ရှိသူတဦးကတော့ ” မုံရွာမှာဆို အကြိုနေ့ မနက်က ပစ်ခတ်မှုဖြစ်တယ် ၊ မုံရွာနယ်မြေရဲစခန်းက ရဲတစ်ယောက်ဒဏ်ရာရတယ် ၊ နေ့ခင်းပိုင်းမှာ အလယ်ရပ်ကွက်ထဲက ငှက်ပျောသီးဆိုင်နားမှာ ပေါက်ကွဲမှုထပ်ဖြစ်တယ် ၊ အမျိုးသမီး ၁ ဦးသေပြီး ၊ လူ ၆ ဦး ဒဏ်ရာရတယ် ၊ အကျနေ့မှာ ပြည်တော်သာရပ်ဖက်က တောစပ်မှာ သေဆုံးနေတဲ့ အလောင်း ၁ လောင်းကောက်ရတယ် ၊ အကြတ်နေ့မှာ သေနတ်ဒဏ်ရာနဲ့ သလ္လာဝတီရပ်ကွက်သား ၁ ဦးရဲ့ အလောင်းတွေ့ရတယ် ” လို့ ပြောပါတယ်။

ကလေးခရိုင်မှာတော့ ကလေးမြို့ပေါ်မှာ လူငယ် ၁ ဦးနဲ့ ၊ အမျိုးသမီး ၁ ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးတာရှိတယ် ၊ မင်းကင်းမြို့နယ် ၊ ပြသုံးကျေးရွာလမ်းမှာတော့ ပေါက်ကွဲမှုဖြစ်ပြီး သားအမိ ၊ သာအဖ ၃ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကသာခရိုင် ၊ ထီးချိုင့်မြို့နယ် ပြည်သူ့ဆေးရုံကို အကျနေ့က ဒုလ္လာဘဝတ် ရဟန်း ၂ ပါး သေနတ်ဒဏ်ရာရ သေဆုံးပြီး ရောက်လာတာလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် ကန့်ဘလူ ခရိုင် ၊ ကျွန်းလှမြို့နယ် ပြည်သူ့ဆေးရုံကိုလည်း အိမ်ခြေကျေးရွာ အုပ်စု ၊ ရွာကုန်းကြီး ကျေးရွာက ကျောင်းထိုင်ဆရာတော်တပါး ဖောက်ဝင် ပြတ်ရှဒဏ်ရာတွေနဲ့ ပျံလွန်တော်မူပြီး ရောက်လာတယ်လို့လည်း သိရပါတယ်။

ရွှေဘိုခရိုင်က ခင်ဦး ၊ ဒီပဲယင်း ၊ ဝက်လက် စတဲ့ မြို့နယ်တွေဘက်မှာလည်း ဒဏ်ရာရ သေဆုံးသူ ရုပ်အလောင်းတချို့ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံတွေဆီ ရောက်လာတယ်လို့ ကျန်းမာရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

အဲ့ဒါကြောင့် အခုနှစ် သင်္ကြန်ကာလမှာ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃၀ ကျော်မှာ သေဆုံးသူ ၁ ဒါဇင်ကျော်နဲ့ ဒဏ်ရာသူ ၃၀ ထက်မနည်း ရှိခဲ့တယ်လို့ သိရတာဖြစ်ပါတယ်။

ဓာတ်ပုံ-မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး(မုံရွာ)
#voiceofmyanmar #VOM #စစ်ကိုင်း #သင်္ကြန်ကာလ #ထိခိုက်ဒဏ်ရာရသေဆုံးသူ

Related posts

Leave a Comment

VOM News

FREE
VIEW