မာရီယူပိုလ်မြို့က ယူကရိန်းတပ်တွေ ဒီနေ့နောက်ဆုံး လက်နက်ချဖို့ ရုရှားပြော

မော်စကို၊ ဧပြီ-၁၇-၂၀၂၂
မျိုးဆက်(VOM)

ရုရှားတပ်တွေ ပိတ်ဆို့ဝိုင်းရံထားတဲ့ နိုင်ငံတောင်ပိုင်း မာရီယူပိုလ်မြို့မှာ ခုခံတိုက်ခိုက်နေဆဲဖြစ်တဲ့ ယူကရိန်းတပ်ဖွဲ့၀င်တွေအနေနဲ့ အသက်ရှင်လိုပါက ဧပြီ ၁၇ ရက် မော်စကိုစံတော်ချိန် နံနက် ၆ နာရီမှာ လက်နက်ချကြဖို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ယူကရိန်းစစ်ပွဲမှာ အပြင်းထန်ဆုံးတိုက်ပွဲတွေဖြစ်ပွားနေပြီး အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ ထောက်ထားမှုဆိုင်ရာကပ်ဘေးဖြစ်ပွားနေတဲ့ မာရီယူပိုလ်မြို့ပြဧရိယာကို ရုရှားတပ်ဖွဲ့တွေက ရှင်းလင်းခဲ့ကြောင်း ရုရှားဘက်က အစောပိုင်းမှာ ထုတ်ဖော်ပြောကြားခဲ့ပေမယ့်လည်း သီးခြားအတည်ပြုချက်မရသေးဘူးလို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။

ဒါဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုပြုပြီးနောက်ပိုင်း ရုရှားတပ်တွေရဲ့ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့တဲ့ ပထမဆုံးယူကရိန်းမြို့ကြီး ဖြစ်လာဖွယ်ရှိပါတယ်။

မာရီယူပိုလ်မြို့မှာ ရုရှားတပ်တွေကို တိုက်ခိုက်နေတဲ့ ယူကရိန်းနွှံ ပြည်ပနိုင်ငံတွေက တပ်ဖွဲ့၀င်တွေဟာ အေဇော့ဗ်စတယ် သံမဏိစက်ရုံမှာ ပိတ်မိနေကြောင်း ရုရှားဘက်က ထုတ်ဖော်ပြောဆိုထားပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ လမ်းညွှန်ချက်တွေအပါအ၀င် အဲဒီနေရာမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီး ရုရှားတပ်တွေဟာ ယူကရိန်းတပ်တွေနဲ့ ပြည်ပနိုင်ငံတွေက တပ်များအနေနဲ့ ဧပြီ ၁၇ ရက် မော်စကိုစံတော်ချိန် နံနက် ၆ နာရီမှာ ရန်လိုတိုက်ခိုက်မှုမှန်သမျှကို ရပ်တန့်ဖို့နဲ့ လက်နက်ချဖို့ ကမ်းလှမ်းထားကြောင်း ရုရှားကာကွယ်ရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW