ယူကရိန်းပစ်မှတ် ၃၀၀ ကျော်ကို ရုရှားတိုက်ခိုက်၊ လက်နက်မချဘဲ အဆုံးထိတိုက်မယ်လို့ ယူကရိန်း ၀န်ကြီးချုပ်ပြော

မော်စကို၊ ဧပြီ-၁၈-၂၀၂၂
မျိုးဆက်(VOM)

ရုရှားစစ်ဘက်ဟာ ယူကရိန်းပစ်မှတ် ၃၁၅ ခုကို ညလုံးပေါက် တိုက်ခိုက်ခဲ့တယ်လို့ ရုရှားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပြီး ဧပြီ ၁၈ ရက်မှာလည်း ယူကရိန်းမြို့ကြီးအများအပြားကို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

တာတိုပစ်ပဲ့ထိန်းဒုံးကျည်ဖြစ်တဲ့ Iskander ဒုံးကျည်တွေနဲ့ ယူကရိန်းရှိ လက်နက်နဲ့စစ်ဘက်ဆိုင်ရာ သိုလှောင်ရုံလေးခုကို ညတွင်းချင်း ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး TASS သတင်းဌာနက ဖော်ပြထားပါတယ်။

ဒါ့အပြင် ယူကရိန်းစစ်ဘက်ဆိုင်ရာ အဆောက်အအုံ ၁၆ ခုကိုလည်း တိကျသေချာတဲ့ ဝေဟင်ပစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိုနာရှန်ကော့ဗ်က ပြောဆိုထားပြီး ယူကရိန်းတိုက်လေယာဉ်နှစ်စင်းကိုလည်း ရုရှားလေကြောင်းရန်ကာကွယ်ရေး စနစ်ကို ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီလိုအခိုင်အမာပြောဆိုမှုတွေနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုချက်မရရှိသေးပါဘူး။

ရုရှားတပ်များဝိုင်းရံခံထားရတဲ့ ယူကရိန်းဆိပ်ကမ်းမြို့ မာရီယူပိုလ်ရှိ တပ်ဖွဲ့၀င်တွေ လက်နက်ချအညံ့ခံမှာ မဟုတ်ဘဲ ရုရှားတပ်များကို အဆုံးထိတိုက်ခိုက်သွားမှာဖြစ်ကြောင်း ယူကရိန်း၀န်ကြီးချုပ် ဒန်နစ်ရှမိုင်းဟယ်က ဧပြီ ၁၇ ရက်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

မြို့မှာခုခံနေတဲ့ ယူကရိန်းတပ်ဖွဲ့၀င်တွေကို လက်နက်ချဖို့ ရုရှားဘက်က ရာဇသံပေးခဲ့ပေမယ့်လည်း မြို့ဟာ လက်ရှိချိန်ထိ ရုရှားတပ်တွေလက်အောက်သို့ မကျရောက်သေးကြောင်း ၀န်ကြီးချုပ်ကပြောပါတယ်။

တစ်ချိန်တည်းမှာဘဲ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘက်စ်ဒေသရှိ မည်သည့်နယ်မြေကိုမှ လက်နက်ချ အရှုံးပေးဖို့ ရွည်ရွယ်ချက်မရှိကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo:AP/Reuters/DW
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW