သန်းခေါင်အကျတွင် နှစ်ကောင်က ဘာဂီပြင်

ဆူးငှက်

ခရစ်နှစ် ၁၈၈၉ ခုက အရှည် ၃၈၆ မိုင်ရှိတဲ့ ရန်ကုန်-မန္တလေး မီးရထားလမ်းကို ဖွင့်လှစ်ခဲ့ပြီးနောက် မန္တလေးမြို့မှာလည်း မီးရထား ဘူတာရုံကြီးတစ်ရုံ တည်ဆောက်ခဲ့တယ်။ အဲဒီကာလ မန္တလေးမြို့ရဲ့အဓိကနေရာတွေမှာ မန္တလေးနန်းတွင်း၊ နန်းတွင်းအနောက်ဘက် စီလမ်းတစ်လျှောက်နဲ့ ဈေးချိုဝန်းကျင်သာဖြစ်တာကြောင့် ဒီနေရာတွနဲ့ ဆက်သွယ်မှုလွယ်ကူတဲ့အရပ်မှာ ဘူတာကိုတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

မန္တလေးနန်းတွင်းနဲ့ ၂၆ ဘီလမ်း တစ်လမ်းသာခြားပြီး
တောင်ဘက် ၃၅ လမ်းထိအရှည်ရှိပြီး အကျယ်အဝန်းအနေနဲ့ ၇၈ လမ်းနဲ့ ၇၉ လမ်းကြားရှိတဲ့ မန္တလေးဘူတာကြီးရဲ့ဧရိယာမှာ အဲ့ဒီကတည်းက ဒီနေ့အချိန်တိုင်အောင် နှစ်ပေါင်းတစ်ရာကျော်အတွင်း လုံလောက်မျှတမှုရှိခဲ့တယ်။ ဘူတာကြီးဧရိယာမှာ ကုန်ရုံများရှိခဲ့တယ်။ တွဲဆိုင်းတွေပြင်ဆင်သန့်ရှင်းရာ နေရာတွေရှိပါတယ်။ လုံလောက်တဲ့ ဘူတာစင်္ကြံရှိတယ်။ ခရီးသည်တွေ နားနေဖို့်လည်း ကျယ်ဝန်းတယ်။ ဒါသာမက မီးရထားစက်ခေါင်းတွေအတွက် စက်ခေါင်းပြုပြင်ထိန်းသိမ်းဖို့ စက်ရုံလည်း တစ်ပါတည်းပါရှိခဲ့တယ်။

ဘူတာရုံကြီးနဲ့ မျက်နှာချင်းဆိုင်မှာလည်း ၇၈လမ်းတစ်လျှောက် ရာထူးကြီးငယ်အစဉ်လိုက် ၂၇လမ်းမှ ၃၅လမ်းအတွင်းနေရာများချထားပေးခဲ့တယ်။ ဘူတာဆိုတာ၂၄နာရီတာဝန်ရှိလို့ ဘူတာနဲ့အနီးဆုံးနေရာမှာ မီးရထားဝန်ထမ်းတွေလည်း ၂၄နာရီအဆင်သင့်ဖြစ်စေဖို့ နေရာချထားပေးခြင်းဖြစ်ပါတယ်။ ဒါကြောင့် မန္တလေးဘူတာဧရိယာဆိုတာ ဝန်ထမ်းလိုင်းတွေ အပါအဝင် ၂၇လမ်းမှ ၃၅လမ်းအတွင်း ၈ပြအရှည်နှင့် ၇၇လမ်းမှ
၇၉လမ်းအတွင်း ၂ပြအကျယ်ရှိတဲ့ ဧရာမဧရိယာကြီးဖြစ်ခဲ့တယ်။

ဘူတာကြီး တည်ဆောက်စဉ်ကာလ မန္တလေးအရှေ့ခြမ်းမှာ လူနေရပ်ကွက်က ခက်ကျဲကျဲပါးပါးပဲရှိတယ်။ အများစုက အစိုးရရုံးများပါပဲ။ ဘူတာကြီး အရှေ့ဘက်မှာ ပြည်သူ့ဆေးရုံကြီးရှိတယ်။မြူနီစီပယ်ရုံးကြီးရှိတယ်။ အထွေထွေအုပ်ချုပ်ရေး ဆိုင်ရာရုံးများရှိတယ်။ ဒီ့နောက် အငြိမ်းစားအရာရှိတွေနဲ့ ရုံးဝန်ထမ်းတွေနေထိုင်တဲ့ စီဗီလိုင်းရပ်ကွက်ရှိတယ်။ နောက်ပိုင်းမှာ အစိုးရစက်မှု၊လက်မှု သိပ္ပံကျောင်း (အခု ဗဟိုအမျိုးသမီးဆေးရုံ)လည်း ရှိလာတယ်။ ဆေးရုံကြီးနဲ့ ရုံးကြီးကြားမှာ ဗထူးအားကစားပြိုင်ကွင်းလည်း ရှိလာ၏။

အဲ့ဒီကာလက စီးပွားရေးအချက်အချာကျတဲ့ ဈေးချိုဝန်းကျင်ကို အရှေ့ခြမ်းအရပ်က ကူးလူးဆက်ဆံမှုဆိုတာ မနက်ဈေးသွားဈေးပြန်လောက်ပဲရှိမယ်။ ညနေစောင်းနေဝင်တာနဲ့ အဆက်အဆံကူးလူးမှု မရှိသလောက် နည်းပါးသွားခဲ့တယ်။ ဒါကြောင့် မန္တလေးရဲ့အရှေ့ခြမ်း၊အနောက်ခြမ်း ကူးလူးဆက်ဆံရေးမှာ နန်းမြို့ရိုးနဲ့ ဘူတာကြီးကြားရှိ ၂၆ဘီလမ်းနဲ့ပဲ လုံလောက်အဆင်ပြေတယ်။ ၂၆ ဘီလမ်းမှာပဲ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် တစ်နေ့လျှင် နှစ်ကြိမ်သာဖြတ်သန်းတဲ့ မန္တလေး- မတ္တရာမီးရထားလမ်းရှိတာကြောင့် မီးရထားလာချိန်မှာ မိနစ်အနည်းငယ်လောက် လမ်းပိတ်ဆို့ သွားတတ်သေးတယ်။

မန္တလေးဘူတာကြီးကို မီးရထားအဝင်အထွက်မှာ မြို့တောင်ဘက်ခြမ်းမှာသာ ရှိလို့ အခုလို ကုန်းကျော် တံတားတွေ မရှိသေးတဲ့အချိန်မို့ မီးရထားအဝင်အထွက်ရှိတိုင်း ယာဉ်အသွားအလာတွေကို ခေတ္တပိတ်ထားရတယ်။ အများဆုံးပိတ်ရတဲ့ အချိန်တွေက နံနက်ပိုင်းနဲ့ ညဦးပိုင်း နှစ်ချိန်လောက်ပါပဲ။ ဘူတာရဲ့ တောင်ဘက်မှာ မန္တလေးအရှေ့ခြမ်းနဲ့ အနောက်ခြမ်းကူးသန်းသွားလာမှု အများဆုံးသာမက မူဆယ်၊ လားရှိုး၊ ပြင်ဦးလွင်မြို့တွေက အဓိကအဝင်အထွက်လမ်းအဖြစ် ၃၅ လမ်း (ဝါ)အလမ်းက ယာဉ်အသွားအလာများပြားခဲ့တယ်။ ယခုရန်ကြီးအောင် ကုန်းကျော်တံတားဆောက်လုပ်ထားတဲ့နေရာ အေလမ်းနဲ့ မီးရထားလမ်းဆုံရာနေရာကို မျက်ပါးရပ်ဂိတ် ဟုခေါ်ကြတယ်။ အမြန်ရထားကြီးတွေ အဝင်အထွက်ရှိတဲ့ မီးရထားလမ်းမို့ ရထားမဝင်မီ မထွက်မီ မိနစ်အတော်ကြာ ကြိုတင်ပိတ်ထားရလေ့ရှိတော့ အချက်ပေးခေါင်းလောင်းသံနှင့်အတူ ပိတ်ထားတဲ့ သံတံခါးကြီးတွေထိပ်က မီးအိမ်နီကလေးကို
အေလမ်းတလျှောက် ရပ်ထားတဲ့ ယာဉ်တွေဆီက ခပ်ပျပျလေး မြင်ရလောက်အောင် တမျှော်တခေါ် ရှည်လျားလှတယ်။ တစ်ခါတစ်လေ အဝင်ရထားနဲ့ အထွက်ရထားစ်စီးလုံးအတွက် စောင့်ဆိုင်းရတဲ့အခါ မိနစ်မျှသာမက
နာရီအထိပင် ကြာသွားတတ်တာကြောင့် အေလမ်းပေါ်မှာ ဆိုက်ကား၊မြင်းလှည်းနဲ့ မော်တော်ယာဉ်တွေ မီးရထားလမ်းရဲ့ အရှေ့ခြမ်း အနောက်ခြမ်း အတောင့်လိုက်ပိတ်ဆို့ သွားတတ်တယ်။ ရန်ကုန်ကဖြစ်စေ မြစ်ကြီးနားမှဖြစ်စေ လားရှိုး ကဖြစ်စေ ရွှေဘို၊ မုံရွာကဖြစ်စေ မီးရထားနဲမန္တလေးကို ဝင်လာလေတိုင်း ဘူတာမရောက်မီ မျက်ပါးရပ်ဂိတ်မှာ အတောင့်လိုက်ပိတ်နေတဲ့ မြင်းလှည်းတွေကို တစ်အံ့တစ်ဩ ငေးမောကြည့်ရှုကြရတယ်။ ဒီမြင်ကွင်းက မန္တလေးရဲ့ ပုံရိပ်ဖြစ်ပါတယ်။ မန္တလေးရဲ့အမှတ်အသားဖြစ်ပါတယ်။

ညပိုင်းကာလ မီးရထားဖြင့်ဝင်လာရင် မျက်ပါးရပ်ဂိတ်မှာစောင့်ဆိုင်းနေတဲ့ မြင်းလှည်းတွေက ရေနံဆီမီးအိမ်လေးတွေရဲ့ တလတ်လတ်အရောင်ဟာ တန်ဆောင်တိုင်ဆီမီး မြင့်မိုရ်ပွဲကျင်းပနေသလား အောင်းမေ့ရပါတယ်။

အဲ့ဒီကာလ မြင်းလှည်းတွေရဲ့ ပုံရိပ်ဟာ မန္တလေးဘူတာကြီးရှေ့မှာလည်း ပိုမိုသိသာစေတယ်။ ကိုလိုနီခေတ် ကတည်းက တည်ဆောက်ခဲ့တဲ့ အပေါ်ထပ်အုတ်ကြွပ်မိုး
အပေါ်ထပ်ပျဉ်ထောင်ကာ အောက်ထပ် အုတ်တိုက် ဘူတာကြီးအဆောက်အအုံရှေမှာ ကွက်လပ်ကြီးရှိတယ်။ကွက်လပ်ကြီးရဲ့မြောက်ဘက်ခြမ်းမှာ စနစ်တကျ တန်းစီပြီး ဂိတ်ထိုးထားတဲ့ မြင်းလှည်းတွေဆိုတာ
အစီးရေ ရာချီရှိတယ်။ ရထားပေါ်က ဆင်းလားတဲ့ ခရီးသည်တွေ ဘူတာကြီးရှေ့မှာ ပထမဆုံးမြင်လိုက်ရတဲ့ မြင်းလှည်းတွေရဲ့မြင်ကွင်းကလည်း ထူးခြားမှုပါပဲ။ အဲ့ဒီခေတ်က ရိုက်ကူးတဲ့ ရုပ်ရှင်ကားတိုင်းမှာ မန္တလေးနိမိတ်ပုံကိုပြလေတိုင်း ဘူတာကြီးရှေ့က စီတန်းနေတဲ့
အစီးရေရာချီရှိတဲ့ မြင်းလှည်းတပ်ကြီးကို ရိုက်ပြလိုက်တာနဲ့ မန္တလေးပုံရိပ်ပီပြင်သွားတော့တယ်။ အခုတော့ ဒီမြင်ကွင်းတွေက လွမ်းစရာတွေပေါ့။

ဆိုရှယ်လစ် စီးပွားရေးခေတ် တစ်လျှောက်လုံး မန္တလေးမှာ မြင်းယာဉ်လုပ်သားတွေအတွက် သီးခြားအလုပ်သမားကောင်စီ၊ သီးခြား အလုပ်သမားအစည်းအရုံးရှိခဲ့ဖူးတယ်။ မိမိတို့ရရှိတဲ့ ချွေးနဲစာနဲ့လှူဒါန်းကြတဲ့ မြင်းယာဉ်လုပ်သားတွေရဲ့ ဘုံကထိန်ကလည်း ကြီးကျယ်ခမ်းနားတယ်။ ဈေးချိုကိုအခြေခံပြီးပြေးဆွဲတဲ့ မြင်းလှည်းလိုင်းတွေလည်း အများအပြားရှိတယ်။ဈေးချို-
ဘူတာကြီး-ရုံးကြီး-မြင်းလှည်းလိုင်း၊ ဈေးချို-မြောက်ပြင်နဂါးရိပ်သာ မန္တလေးတောင်မြင်းလှည်းလိုင်း၊ဈေးချို-ကြေးနန်းရုံး- ဓာတ်စက်ရုံ-နန်းရှေ့-မန္တလေးတောင်-မြင်းလှည်းလိုင်း၊ဈေးချို-သင်္ဘောတန်း-ပွဲကုန်း-ပိုက်ကျုံးမင်းလှည်းလိုင်း၊ ဈေးချို-ရုံတော်ကြီး-ကျောက်သွေးတန်း-လက်ဆည်ကန်-ကွမ်းခြံ-ဒေးဝန်း-စိန်ပန်း-ဂေါ်ဝိန်-ချော်ဆိပ် မြင်းလှည်းလိုင်း၊ ဈေးချို- ကွမ်းခြံ-၄၁လမ်း-သားရေစက်ရုံ-စိန်ပန်း-ဂေါ်ဝိန်-ချော်ဆိပ် မြင်းလှည်းလိုင်း၊ဈေးချို-ကွမ်းခြံ-မင်းသားစု-ဘုရားကြီး-ရှမ်းစုမြင်းလှည်းလိုင်း ဆိုပြီး မြို့တွင်းသယ်ယူပို့ဆောင်ရေးမှာ မြင်းလှည်းက အရေးပါခဲ့တယ်။

တကယ်တော့ မြင်းလှည်းလို့ခါ်ဆိုကြတာက ကျွန်တော်တို့အများစု မြင်ဖူးနေကျပါ။ မန္တလေးမှာ ကိုလိုနီခေတ်က မြင်းရထားလို့ခါ်တဲ့ ယာဉ်ပဲရှိခဲ့တာပါ။မြင်းတစ်ကောင်ကပြီး နောက်က ဘီးကြီး၂လုံး ဘီးသေး၂လုံး အမိုးနဲ့ တံခါးပါပြီး စီးသူက အတွင်းကခုံမှာ ရှေ့နောက် မျက်နှာချင်းဆိုင် ထိုင်ရပါတယ်။ မောင်းသူက အမိုးပေါ်က ထိုင်ပါတယ်။ အခု ဒီပုံစံမြင်းရထားက ပြင်ဦးလွင်မှာပဲ ရှိတော့တာပါ။ မန္တလေးမှာတော့ လူချည်းသာလိုက်ပါလို့ရတဲ့ မြင်းရထားတွေအစား ကုန်ရောတင်လို့ရပြီး စီးသူကိုလည်း အပြင်က လွတ်လွတ်လပ်လပ်မြင်လို့ရတဲ့ မြင်းလှည်းတွေပဲအသုံးများလာပါတယ်။

ကိုလိုနီခေတ်ဦးက ကြေးရတက်တွေစီးတဲ့ ဘာဂီဆိုတာရှိသတဲ့။မြင်း၂ကောင် က ပြီး နောက်ကလှည်းက ဘီးလေးလုံးနဲ့ အမိုးဖွင့်ဖြစ်သတဲ့။ ဘာဂီစီးနိုင်သူက မျက်နှာပွင့် လူအထင်ကြီးခံရသတဲ့။ အဲ့ဒီခေတ် နာမည်ကျော် အငြိမ့်မင်းသမီး သြဘာသောင်းရဲ့ အငြိမ့်သီချင်းတစ်ပုဒ်မှာ မင်းသမီးချစ်သူ သူဌေးသားက အငြိမ့်အသိမ်း သန်းခေါင်ကျမှ မင်းသမီးကို မြင်းနှစ်ကောင် ကတဲ့ ဘာဂီနဲ့လာခေါ်ပြီး မြို့လယ်ခေါင် ဈေးချိုကတောင်ဘက်ကို မောင်းသတဲ့။ မင်းသမီးကို ဘယ်များခေါ်သွားမှာပါလိမ့်၊ အလိုလေး..ခေါ်သွားတဲ့နေရာရောက်တော့ သူ့ချစ်သူ နော်မန်ကျောင်းသား သူဌေးသားက ဘာဂီပေါ်က ပွေ့ချဆိုလား..၊ ရင်တုန် ရင်ဖိုစရာ..။

ဘာဂီတင်သီချင်း
(ရေး – ဆရာမာ)
သန်းခေါင်အကျတွင် နှစ်ကောင်က ဘာဂီပြင်၊ ရှောင်မရ အသာတကြည်တင်၊ ခင်သောင်းတင်တင် မတွေးတတ်နိုင်ဘု၊ ကလေးမို့ မလိမ်တမာအင်၊ ချက်ချင်းပင် လက်ငင်းရှင်၊ စက်ရင်းလာဟေ့ အသားပွေ့တင်၊ ဆုတ်ရှင်၊ လွှတ်ရှင် ဇွတ်ပင်ချာ့ကာမော့ကာ ဦးတင်၊ ကလိစကားနဲ့ ဆွီးတားသခင်။
ညအခါတွင်၊ ယတြာဆင်၊ မယ့်စိတ်ကူး လူ့ဘဝ မကြုံဘူးအောင်ထူး၊ ဖူးစာပိုင်၊ ပြိုင်သူကိုနှင့်ပင်၊ စက်မှေးမပျော်ခိုက်တွင်၊ မအိပ်ဘဲရှင်၊ စိတ်ထဲတွင်၊ ကြိတ်ခဲနှစ်ကိုယ်တွေ့ အလိုပြည့်သရှင်၊ မိုးမမြင်၊ လေမမြင်၊ အဓမ္မပင်၊ ကလိစကားနဲ့ ဆွီးတားသခင်။
ဘာဂီပြင်တင်၍ အပြန်၊ ဂျဝမ်ကလေး အပျိုသောင်း၊ အသံပေးလို့ချောင်း၊ ရထားအမြန်နဲ့ နာရီစင်တောင်ဘက်ကိုမောင်း၊ ဟေ့ လာကြကွဲ့အပေါင်း၊ပွေ့ကာချ မတဲ့သောင်း၊ အမေရိကန်ခေါ် နော်မန်ဆိုတဲ့ကျောင်း၊ ဂျဝမ်ကလေးခင်သောင်း၊ ဆလံပေးခွင့်တောင်း၊ ကိုရွှေဗျိုင်းဆိုသလို ရထားကို သူကမောင်း၊ အပျိုယမင်း အလှသောင်း၊ တို့နှစ်ကိုယ်အတွင်းကအောင်း၊ ငြိမ့်ငြိမ့်သာသာ ထိုင်ကာ တူပကောင်းသောင်းသောင်းသူဇာပျို၊
ငိုမလိုအော်လိုက်ချင်၊ အလိုရှင်ကိုပင် သရမ်းလှချေရဲ့ လမ်းဆုံအကွေ့တွင်၊ မယ့်ကေသီ ရွှေထဘီပမတတ်ပင်၊ လွှတ်စမ်းပါဦးရှင်၊ လူထဲပင်သူဆွဲငင်၊ ဘယ်သူပဲရှိရှိ မသိတတ်အင်၊ ချော့ကာမော့ကာဦးတင်၊ ကလိစကားနဲ့ ဆွီးတားသခင်။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW