ကန့်ဘလူ -ကောလင်းလမ်းမှာ ကားတစီး မိုင်းထိ၊ ကလေးငယ် ၂ ဦး အပါအဝင် လူ ၅ ဦး ဒဏ်ရာရ

ဇွန် ၊ ၄-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ချောင်းခြားကျေးရွာအနီး ၊ ကန့်ဘလူ – ကျွန်းလှ – ကောလင်း ကားလမ်းမှာ မနေ့ ဇွန် ၃ ရက် နေ့လယ်ပိုင်းက ခရီးသည်တင်ကားတစီး မိုင်းထိမှန်ပြီး ကားပေါ်ပါ လူ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကန့်ဘလူမြို့ခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

” မနေ့က နေ့လယ် ၁ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ ကျွန်းလှမြို့ဘက်ကနေ ကန့်ဘလူမြို့ဘက်ကို ဦးတည်လာတဲ့ Luck Truck ကားဟာ ချောင်းခြားရွာနားမှာ မိုင်းထိမှန်ပြီး ကားပေါ်က လူ ၅ ယောက် ဒဏ်ရာရခဲ့တာ “လို့ ကန့်ဘလူမြို့ခံ ကျန်းမာရေးဝန်ထမ်းတယောက်က ပြောပါတယ်။

ကန့်ဘလူခရိုင်ရဲရုံး တာဝန်ရှိသူတဦးက”ထိခိုက်ဒဏ်ရာရတဲ့သူ ခရီးသည် ၅ ဦးဖြစ်တယ် ၊ ဦးနိုင်လင်း (ယာဥ်မောင်း)၊ ဒေါ်ခင်ထားနွယ် ၊ မနွယ်နွယ်ဝင်း ၊ အသက် ၉ နှစ်အရွယ် အမွှာညီအစ်ကို ကိုကိုနဲ့ ညီညီတို့ ဖြစ်တယ် ၊ ကန့်ဘလူပြည်သူ့ဆေးရုံက ဆေးကုသမှုပေးထားပါတယ် ၊ အကြမ်းဖက်သမားတွေ မိုင်းခွဲတိုက်ခိုက်တဲ့ ချောင်းခြားရွာဘက်ကို နယ်မြေရှင်းလင်းရေးတွေ လိုက်လံလုပ်ဆောင်နေတယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လကနေ ဒီနှစ် ဇွန် ၃ ရက်အထိ စစ်ကိုင်းတိုင်းထဲမှာ အိမ်စီးကားနဲ့ ခရီးသည်တင်ကား အပါအဝင် ကားတွေ မိုင်းထိမှန်တဲ့ အကြိမ် အရေအတွက်ဟာ ၂ ရာဝန်းကျင်ရှိပြီး ၊ မိုင်းထိမှန် သေဆုံးသူ ၆၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁ ရာကျော်ရှိတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ကန့်ဘလူ #ကောလင်းလမ်း #ခရီးသည်ကားမိုင်းထိ #စစ်ရေးသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW