ကမ္ဘာတ၀န်းမှာ မျောက်ကျောက်ရောဂါကူးစက်မှု ၄၀၀၀ ကျော်ထိရှိလာ၊ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာဖို့ မရှိသေး

ဂျီနီဗာ၊ ဇွန်-၂၆-၂၀၂၂
မျိုးဆက်(VOM)

ကမ္ဘာ့နိုင်ငံတွေမှာ ကူးစက်ပျံ့နှံ့နေတဲ့ မျောက်ကျောက်ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာဖို့ မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

ကြာသပတေးနေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရေးပေါ်ကော်မတီအစည်းအဝေးပြုလုပ်ခဲ့ပြီး ရောဂါနဲ့ပတ်သက်ပြီး ကမ္ဘာတ၀န်းက ပညာရှင်တွေက ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးအကြံပြုချက်တွေအပေါ် အခြေခံပြီး မျောက်ကျောက်ရောဂါကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေ မကြေညာသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရို့စ်က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒါပေမယ့် ကူးစက်ပျံ့ပွားမှုတွေ ထပ်မံဖြစ်နိုင်ခြေရှိတာကြောင့် မျောက်ကျောက်ရောဂါကို အနီးကပ်စောင့်ကြည့်ဖို့ အရေးပေါ်ကော်မတီက အကြံပြုထားပါတယ်။

ရောဂါနဲ့ပတ်သက်ပြီး အချက်အလက်တွေ ပိုမိုရရှိလာချိန်မှာ ရက်သတ္တပတ်အနည်းငယ်အတွင်း ဒီကိစ္စကို ပြန်လည်သုံးသပ်သင့်တယ်လို့ ကျန်းမာရေးကျွမ်းကျင်သူတွေက ပြောပါတယ်။

လက်ရှိမှာတော့ ပိုလီယိုရောဂါနဲ့ ကိုဗစ်-၁၉ ရောဂါတို့ကို ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေစာရင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထည့်သွင်းထားပါတယ်။

အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနရဲ့အဆိုအရ နိုင်ငံပေါင်း ၄၇ နိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်မှုဟာ ဇွန် ၂၅ ရက်ထိ ၄၁၀၆ ဦးထိရှိလာနေပြီဖြစ်ပါတယ်။

Ref: NHK
Photo:AFP
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW