မြန်မာဒုက္ခသည်တွေအတွက် နယ်စပ်ဖြတ်ကျော်အကူအညီတွေခွင့်ပြုဖို့ ထိုင်းနိုင်ငံကို တိုက်တွန်း

ဘန်ကောက်၊ ဇူလိုင်-၁၃-၂၀၂၂
မျိုးဆက်(VOM)

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြားမှာ ထွက်ပြေးနေတဲ့ ဒုက္ခသည်တွေကို ကာကွယ်ပေးဖို့နဲ့ လူသားချင်စာနာမှုအကူအညီတွေကို နယ်စပ်ဖြတ်ကျော် ပေးပို့ခွင့်ပြုဖို့ ထိုင်းနိုင်ငံကို Refugees International အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

မြန်မာဒုက္ခသည်တွေအတွက် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေက အလွန်အမင်းလိုအပ်နေတဲ့ ဒေသတွေကို ကူညီမှုတွေပေးပို့မှုကို အာဏာပိုင်တွေက ပိတ်ပင်ထားတယ်လို့ Refugees International အဖွဲ့က ဇူလိုင် ၁၂ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်း အိမ်နီးချင်းနိုင်ငံတွေကတဆင့် နိုင်ငံတကာအကူအညီတွေကို အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ လှုပ်ရှားနေတဲ့ဒေသခံအဖွဲ့တွေကတဆင့် အကူအညီပေးပို့နိုင်မှုဟာ အနည်းငယ်မျှသာရှိတယ်လို့ ဆိုပါတယ်။

နယ်စပ်ဖြတ်ကျော်၀င်ရောက်နိုင်တဲ့ ဒေသတွေသို့ အကူအညီတွေ လွယ်ကူချောမွေ့စွာရောက်ရှိစေဖို့ ထိုင်းနိုင်ငံအနေနဲ့ ဒေသခံတာ၀န်ရှိသူတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ ကျန်းမာရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ Refugees International ရဲ့အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

မြန်မာ့အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ ဖိအားပေးတာမျိုးမလုပ်ဘဲ သူတို့ဘေးကင်းစေဖို့ လုပ်ဆောင်ပေးဖို့လိုအပ်ပြီး ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ ပြည်တွင်းပြည်ပ NGO တွေအနေနဲ့လည်း အသစ်ရောက်လာတဲ့ ဒုက္ခသည်သစ်တွေကို ၀င်ခွင့်ပြုပေးဖို့လိုအပ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လက်ရှိချိန်မှာတော့ မြန်မာနိုင်ငံမှာ လူတသန်းကျော်နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အဲဒီထဲက ခုနှစ်သိန်းခွဲကျော်ဟာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေပြီးနောက် ထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။

Ref:UCA News
Photo: Karen Women’s Organization
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

VOM News

FREE
VIEW