Kaung For You တည်ထောင်သူ ဖမ်းခံရတဲ့သတင်းထွက်နေပြီး အဆက်အသွယ်ပြတ်နေ

ဇူလိုင် ၁၃-၂၀၂၂
KK(VOM)

အွန်လိုင်းအခြေပြု ပညာရေးအဖြစ်ပြုလုပ်နေတဲ့ Kaung For You ကိုယ်ပိုင်ကျောင်းတည်ထောင်သူ ဆရာကောင်းသိုက်စိုး ဒီကနေ့မနက်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းတွေထွက်နေပြီး အဆက်အသွယ်ပြတ်နေတယ်လို့ သိရပါတယ်။

မြစ်သားမြို့နယ်ပညာရေးမှုးရုံးက CDM ပြုလုပ်ထားတဲ့ လက်ထောက်ပညာရေးမှူး ဦးကောင်းသိုက်စိုးကို ဒီကနေ့မနက်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ နိူင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

“သတင်းကတော့ ပျံ့နေပြီ၊ အတည်ပြုဖို့ပဲ ခက်နေတာ၊ ကျွန်တော်တို့လည်း စိတ်ပူနေတာ “လို့ သူကပြောပါတယ်။

Kaung For You Education ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဒီကနေ့မနက် ၆နာရီခွဲက “ဆရာကောင်း အဖမ်းခံရ”ဆိုတဲ့ ပိုစ့်တစ်ခုတင်ပြီးနောက် စိတ်ပူနေခဲ့ရတယ်လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။

“အဖမ်းခံရတယ်ဆိုပြီး ကျောင်းကစပြီး Post တင်တယ်၊ ပြီးတော့ အဖမ်းမခံရဘူးလုပ်တယ်၊ အဖမ်းမခံရဘူးဆိုရင် Live လွှင့်ပြီး ရှင်းပြသင့်တယ်၊ အကုန်လုံးက စိတ်ပူလို့ပြောနေတာ”လို့ ပြောပါတယ်။

အဲ့ဒီလို ဖမ်းဆီးခံရတယ်ဆိုတဲ့ ပိုစ့်တင်ပြီး ခဏအကြာမှာတော့ Kaung For You Education ဘက်မှ “ဆရာကောင်းဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး အတည်မပြုနိူင်သေးဘူးလို့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ကြေညာလာတာကိုလည်း တွေ့ရပါတယ်။

လက်ရှိအခြေအနေထိ Kaung For You Education တည်ထောင်သူ ဆရာကောင်းသိုက်စိုး ဖမ်းဆီးခံရတာနဲ့ပတ်သတ်ပြီး VOM က ရဲတပ်ဖွဲ့ကိုဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့လတွေက Kaung For You Education မှာ ကျောင်းတက်ဖို့ စာရင်းပေးထားတဲ့ကျောင်းသား၊ကျောင်းသူတွေရဲ့အချက်အလက်တွေပေါက်ကြားမှုကြောင့် မိဘတွေဟာ အမည်မသိသူတွေရဲ့ခြိမ်းခြောက်ငွေကြေးတောင်းခံမှုတွေကို ကြုံတွေ့ခဲ့ရပါသေးတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး Kaung For You Education အနေနဲ့လည်း ဖြေရှင်းနိူင်ဖို့ စစ်ဆေးနေတယ်လို့လည်းသိရပါတယ်။

#voiceofmyanmar #VOM #KaungForYouတည်ထောင်သူ #ဖမ်းခံရတဲ့သတင်းထွက်နေ #အဆက်သွယ်ပြတ်

Related posts

Leave a Comment

VOM News

FREE
VIEW