ဇူလိုင် ၁၄- ၂၀၂၂
SW (VOM)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တော်မှာ ဒီကနေ့ ဇူလိုင် ၁၄ ရက် မနက် ၇ နာရီခွဲလောက်က မြို့ပေါ်ရှိ ဆတ်ရိုးကျ ချောင်းကမ်းပါး၊ ဆတ်ရိုးကျကယ်ဆယ်ရေးတံတားအောက်မှာ ဓားထိုးဒဏ်ရာ ၃ ချက်နဲ့ သေဆုံးနေသူ အလောင်းတစ်လောင်း တွေ့ရှိခဲ့တယ်လို့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကနေ သိရပါတယ်။
သေဆုံးသူဟာ စစ်တွေမြို့နယ် မင်းဒရားချိုင်ကျေးရွာကဖြစ်ပြီး ငါးဖမ်းလုပ်ငန်းလှေပေါ်မှာ အငှားလိုက်နေသူတဦးဖြစ်တယ်လို့ အလောင်းကို ကူညီသယ်ယူခဲ့သူတဦးက ပြောပါတယ်။
“ကျနော်တို့အသင်းက အဲဒီကို ၇ နာရီ ၃၅ အချိန်လောက်မှာ ရောက်သွားတယ်။ ရောက်သွားတော့ ဓားထိုးဒဏ်ရာတွေနဲ့ လူသေလောင်းကို တွေ့တယ်လို့ ကျနော့်တပည့်လေးတွေ သတင်းပို့လာပါတယ်”လို့ ရွှေရောင်မေတ္တာဖောင်ဒေရှင်းဥက္ကဋ္ဌ ကိုမင်းထည်ဝါက ပြောပါတယ်။
သေဆုံးသူရဲ့ရင်ဘတ်မှာ ဓားဒဏ်ရာ(၂) ချက်နဲ့ ကျောကုန်းမှာ ဓားဒဏ်ရာ တချက်အပြင် မျက်နှာမှာလည်း ထိုးကြိတ်ထားတဲ့ ဒဏ်ရာတွေတွေ့ရတယ်လို့ သိရပါတယ်။
အဲ့ဒီအလောင်းတွေ့ရှိတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းက ရဲလုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်နေဆယ်လို့လည်း သိရပါတယ်။
စစ်တွေမြို့ပေါ်မှာ ပြီးခဲ့တဲ့ ၂၀၂၀၊ ၂၀၂၁ ခုနှစ်တွေအပြင် လက်ရှိ ၂၀၂၂ ခုနှစ်တွေမှာလည်း ဒီလိုမျိုး လူသေလောင်းတွေ တွေ့ရှိမှု ခပ်စိပ်စိပ်ဖြစ်လာပြီး မြို့နေလူထုကြား စိုးရိမ်မှုတွေလည်း ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မေလကလည်း စက်ရုံစုရပ်ကွက်အုပ်ချုပ်ရေးမှူးကို ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးတဲ့ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။
#voiceofmyanmar #VOM #စစ်တွေ #ဓားဒဏ်ရာနဲ့အလောင်းတွေ့