နယ်စပ်ကနေ ဆီထွက်သီးနှံတွေတင်ပို့မယ်ဆိုရင် ပို့ကုန်ရငွေလိုင်စင်နဲ့အတူ ပို့ကုန်ရငွေ ဘဏ်အထောက်ထားပြနိုင်မှ ခွင့်ပြုမယ်

ဇူလိူင် ၁၅-၂၀၂၂
GG(VOM)

ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းမြေပဲနဲ့ ဆီထွက်သီးနှံတွေကို နယ်စပ်ဂိတ်ကနေ တင်ပို့မယ်ဆိုရင် ပို့ကုန်ရငွေလိုင်စင်နဲ့အတူ ပို့ကုန်ရငွေ ဘဏ်အထောက်အထားပြနိုင်မှသာ တင်ပို့ခွင့်ပြုမှာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရေးဝန်ကြီးဌာနကနေ သိရပါတယ်။

အဲ့ဒီသတ်မှတ်ချက်ကို မနေ့ ဇူလိူင် ၁၄ ရက်နေ့ကနေ စတင်ကျင့်သုံးသွားမှာဖြစ်ပြီး ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းမြေပဲနဲ့ ဆီထွက်သီးနှံတွေကိုတင်ပို့ဖို့ ပို့ကုန်ရငွေ ရရှိကြောင်း သက်ဆိုင်ရာဘဏ်ကနေ ပို့ကုန်ရငွေ ဘဏ်အထောက်အထား Bank Certificate, (TT)နဲ့ ပို့ကုန်လိုင်စင်ပါ ပူးတွဲပြီး တင်ပို့ခွင့်လျှောက်ထားလာမှသာ ED ဖွင့်လှစ်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

” ဗဟိုဘဏ်ရဲ့ကြေညာချက်တွေလည်း ရှိတယ်၊နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲရေးဥပဒေအရ ကုန်ပစ္စည်းပို့ရင် ဘယ်နှစ်ရက်နေရင် ပြန်ပြီးတော့ နိုင်ငံခြားဝင်ငွေပြန်ဝင်မယ်ဆိုတဲ့အထောက်အထားလေး ပါမှ ပို့ကုန်နောက်တစောင်ပေးတဲ့သဘောပါပဲ “လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးကပြောပါတယ်။

ဒါ့အပြင် ပဲမျိုးစုံ၊ မြေပဲ၊ နှမ်း ဆီထွက်သီးနှံတွေကို တင်ပို့ရောင်းချမယ်ဆိုရင် တင်ပို့ရောင်းချမှုတိုင်းကို နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက သတ်မှတ်ထားတဲ့အတိုင်း အမေရိကန်ဒေါ်လာနဲ့သာ ပေးချေရမှာ​ဖြစ်တယ်လို့ သိရတယ်။

” ပထမတခါ တင်ပို့ပိတ်တယ်။နောက်တော့ လိုက်စင်နဲ့မှတင်ပို့ခွင့်ပြုမယ်ပြောတယ်။ အခုတော့ ပို့ကုန်ရငွေ ပြန်ဝင်ကြောင်း အထောက်ထားလည်းပါမှ၊လိုင်စင်ရောပါမှ တင်ပို့ခွင့်ပြုမယ်လို့ ဖြစ်သွားပြန်တယ်။ အခြေအနေက အခုထိစောင့်ကြည့်နေတာပဲရှိတယ် “လို့ ပို့ကုန်လုပ်ငန်းရှင်တဦးကပြောပါတယ်။

ပို့ကုန်ရငွေအနေနဲ့ နယ်စပ်ဂိတ်ကနေ ပို့ကုန်ပစ္စည်းတွေတင်ပို့ပြီးနောက် ၄၅ ရက်အတွင်း ပို့ကုန်ရငွေက ပြည်တွင်းဘဏ်ဆီကို မဖြစ်မနေ ဝင်ရောက်ရမှာဖြစ်ကြောင်း ၊နယ်စပ်ကုန်သွယ်မှုကနေရတဲ့ ပို့ကုန်ရငွေကိုလည်း ဗဟိုဘဏ်ကို ၁၈၅၀ ကျပ်နဲ့ပြန်သွင်းရမှာဖြစ်ပါတယ်။

တကယ်လို့ ပြန်မသွင်းပါက ကုမ္ပဏီကို အမည်ပျက်စာရင်းသွင်းတာ၊ လိုင်စင်ပိတ်တာတွေလုပ်နေတယ်လို့လည်း သိရပါတယ်။

ဆီထွက်သီးနှံတွေကို တင်ပို့ခွင့်ယာယီပိတ်ထားရာကနေ အခုဇူလိူင်လမှာ ကန့်သတ်ချက်တွေနဲ့အတူ ပြန်လည် တင်ပို့ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဆီထွက်သီးနှံ #နယ်စပ်ပို့ကုန် #ပို့ကုန်လိုင်စင် #ဘဏ်အထောက်အထား

Related posts

Leave a Comment

VOM News

FREE
VIEW