မြိုင်နယ် ကျောက်ခွက်က ရေနံလက်ယက်တွင်းလုပ်ကွက်တွေ မီးရှို့ခံရ

ဇူလိုင် ၊ ၁၄ ၊ ၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ ကျောက်ခွက်ကျေးရွာနားက ကျောက်ခွက် ရေနံလုပ်ကွက်ထဲက ရေနံ လက်ယက်တွင်း ၁ ရာကျော်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မီးရှို့ခံလိုက်ရတယ်လို့ မြိုင်မြို့နယ် ရေနံ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” တနိုင်တပိုင် တူးနေတဲ့ ရေနံလက်ယက်တွင်း ၁၂၀ နဲ့ ဆက်စပ်ပစ္စည်းတွေ မီးရှို့ခံရတာပါ ၊ ဒီလ ၁၂ရက်က ဖြစ်တယ်”လို့ ဒေသခံ ရေနံလုပ်သားတယောက်က ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ကျောက်ခွက်က ရေနံတွင်းလုပ်ငန်းတွေဟာ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုမိန့် ရထားတာ မဟုတ်သလို ၊ ခွင့်ပြုချက်နဲ့ အခွန်ဆောင်ပြီး လုပ်နေတာလည်း မဟုတ်ဘူး”လို့ ပြောပါတယ်။

ဒါ့အပြင် ကျောက်ခွက်ရွာခံ ရေနံလုပ်သား တယောက်က ” မြိုင်နယ်မှာက စိုက်ပျိုးရေး ဖြစ်ထွန်းအောင်မြင်တဲ့နေရာက မရှိသလောက်ဘဲဖြစ်တယ် ၊ အလွန်ဆုံး အကောင်းဆုံး မြေဆိုတာ သနပ်ခါးလောက်ပဲ စိုက်ရတယ် ၊ အဲ့ဒါကြောင့် စားဝတ်နေရေးအရ မဖြစ်မနေ ရှာကြံစုဆောင်းပြီး ရေနံလက်ယက်တွင်းတွေ လုပ်ကိုင်ရတာပါ ၊ အဲ့ဒီလို လုပ်ကိုင်တဲ့အတွက် မိသားစု စားဝတ်နေရေးနဲ့ ဒေသဖွံ့ဖြိုးရေး စရိတ်ရတာဖြစ်တယ် ၊ ဒါတောင် ရေနံတွင်းတိုင်းက မအောင်ဘူး ၊ ရှုံးတဲ့သူတွေဆိုရင် ယာပေါင် နွားပေါင်နဲ့ ဆုံးကြရတာ.”လို့ ပြောပါတယ်။

မြိုင်မြို့နယ်ထဲက ကျေးရွာတွေကို အခုလ ၁ ရက်နေ့ နောက်ပိုင်းကစလို့ ထိတွေ့မှုပစ်ခတ်မှုတွေဖြစ်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာတွေလည်းရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြိုင် #ကျောက်ခွက်ရေနံလက်ယက်တွင်းလုပ်ကွက်တွေ #မီးရှို့ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW