ကလေးဝ မော်လိုက်ကားလမ်း လိပ်ပုတ်ချောင်း တံတားကျိုးနေတဲ့အတွက် ကားတွေ သွားလာလို့ မရ

ဇူလိုင် ၊ ၁၅ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးဝမြို့နဲ့ မော်လိုက်ခရိုင် ၊ မော်လိုက်မြို့နယ်ကြား ရွာသာရွာနားက လိပ်ပုတ်ချောင်း
တံတား ၁ ဟာ မနေ့ ဇူလိုင် ၁၄ ရက် က တန်ပိုကား ၁ စီး မောင်းနှင်ဖြတ်သန်းတဲ့အချိန် ကျိုးကျပျက်စီးသွားတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” မနေ့ မနက်ပိုင်းက ကလေးဝ မော်လိုက်ကားလမ်း မိုင်တိုင်အမှတ် ၁၆/ ၇ နားက လိပ်ပုတ်ချောင်း တံတားကျိုးကျပျက်စီးနေတာပါ ၊ တံတားအောက်မှာ ကားတစ်စီးလည်း ပြုတ်ကျနေတယ် ” လို့ ကားသမားတယောက်က ပြောပါတယ်။

ဒါ့အပြင် ကလေးခရိုင် လမ်းတံတား ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက “ကျိုးကျပျက်စီး သွားတဲ့ တံတားက အကျယ် ၁၂ပေ ၊ အလျား ပေ ၁ ရာ ၊ အမြင့် ပေ ၆၀ တံတား ခံနိုင်ဝန် ၁၀တန် အမျိုးအစား ပျဥ်ခင်း သံဘေလီတံတားဖြစ်တယ် ၊ မန္တလေး ဟုမ္မလင်း တန်ပိုတင်လာတဲ့ ကုန်ကား တစ်စီး ဖြတ်မောင်းချိန် တံတားခံနိုင်ဝန်ထက် ကျော်လွန်တာကြောင့် ကျိုးကျရတာ ” လို့ ပြောပါတယ်။

အဲ့ဒါကြောင့် အဲ့ဒီ တံတားကျိုးကျတဲ့နေရာ ဝန်းကျင်ကနေ ကွင်းလမ်း ဖောက်လုပ်ပြီးစီး မှု မရှိမချင်း အဲ့ဒီ ကလေးဝ မော်လိုက် ကားလမ်း သွားလာလို့ မဖြစ်နိုင်သေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီလမ်းကို ကားနဲ့ သွားလာမယ်ဆိုပါက နီးစပ်ရာကို စုံစမ်း မေးမြန်းပြီးမှ သွားလာကြဖို့ကိုလည်း ကားသမားတွေက တိုက်တွန်းထားပါသေးတယ်။

#voiceofmyanmar #VOM #ကလေးဝ #မော်လိုက်

Related posts

Leave a Comment

VOM News

FREE
VIEW